၂ဝ၁၉ ခုနှစ်၏ ထင်ရှားသော ကားလောက ဂယက်များ

390

၂၀၂၀ ပြည့်နှစ်အတွက် နောက်ဆုံးထုတ်ပြန်ချက်မူဝါဒ၏ အနှစ်ချုပ်က အလုံးစုံဘယ်မောင်းများသာဟူ၍ ဖြစ်သည်။ ဘယ်မောင်းစနစ်ကို ၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်တွင် ကြီးကော်မှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အရည်အသွေးကောင်းမွန်သည်ဟု အများစုလက်ခံကြသော၊ ဂျပန်ပြည်တွင်းထုတ် တစ်ပတ်ရစ်ယာဉ်များအပေါ် အားထားသုံးစွဲနေကြသည့် ကားအသုံးပြုသူတို့အတွက် ယင်းမူဝါဒသတ်မှတ်ချက် စတင်ချိန်မှစ၍ ကားလောကအတွင်း လှုပ်ခတ်မှုများစွာ ဖြစ်ခဲ့ရသည်။ အဆိုပါ ဂယက်စတင်ချိန်မှသည် ၂၀၁၉ ခုနှစ် တစ်နှစ်တာလုံး ကားဟောင်း၊ ကားသစ် အုပ်စုနှစ်စု ကွဲပြားခဲ့သည်အထိဖြစ်ခဲ့ရာ ၂၀၁၉ ခုနှစ် နှစ်ကုန်ခါနီးအထိ လှိုင်းထနေဆဲဖြစ်သည်။ အဆိုပါ ကားတင်သွင်းခွင့်မူဝါဒကြောင့် ပြည်တွင်းတွင် ဘယ်မောင်းအဖြစ် တပ်ဆင်ထုတ်လုပ်သည့် တရုတ်နှင့် ကိုရီးယားကားများ စျေးကွက်ဝေစု ကျယ်ပြန့်လာသည်။

ဘယ်မောင်းမူဝါဒ စတင်ခဲ့သည့်အရင်းခံမှာ လမ်းစနစ်နှင့်.မကိုက်ညီ၍ဟုဆိုသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်မည့်ကားများ၏ စျေးကွက်ဝေစုအပေါ် ရည်ရွယ်ကြောင်းလည်း ထင်ရှားခဲ့သည်။ သို့ရာတွင် မူဝါဒဂယက်ကြောင့် ရုတ်ခြည်း မြင့်တက်လာခဲ့သည့် ဂျပန်ကားစျေးနှုန်းများမှာ မူဝါဒအဆင့်ဆင့် ရိုက်ခတ်တိုင်း အမြင့်စျေးတန်းသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် နှစ်ကုန်ချိန် ကားသစ်စျေးကွက် အားကောင်းလာသည့်ကာလအထိ ကားဟောင်း၊ နံပါတ်ဟောင်းများသည် လူလတ်တန်းစားများ ၀ယ်ယူအသုံးပြု နိုင်ရေး တွက်ချက်စဉ်းစားရမည့် စျေးတန်းတစ်ခုဖြင့် တည်နေပြီဖြစ်သည်။ ဂျပန် လူစီးကားစျေးကွက်နေရာတွင် အရစ်ကျစနစ်၊ ရန်ကုန်လိုင်စင် အားသာချက်၊ ၀ယ်ပြီးနောက်ပိုင်း၀န်ဆောင်မှု အားသာချက်တို့ဖြင့် ကားသစ်များက စျေးကွက်တွင် အတိုင်းအတာတစ်ခုအထိ ကြီးစိုးလာသော်လည်း ဂျပန်လုပ်ငန်းသုံး ကားစျေးကွက်နေရာတွင်မူ ထိထိရောက် ရောက် ကြီးစိုးနိုင်မှု နည်းပါးနေသေးသည်။ ထို့ကြောင့် လုပ်ငန်းသုံး ကားစျေးများ ဖြစ်သင့်သည်ထက် ခေါင်ခိုက်နေကာ စျေးတန်းအမြင့်တစ်ခု၌ ရပ်တည်နေသည်။ သို့သော်လည်း လုပ်ငန်းသုံးကားဟုဆိုသည့်အတွက် အများစုမှာ လုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနေကြခြင်းဖြစ်ရာ ရေရှည်ကြံ့ခိုင်မှုနှင့် ကုန်ကျစရိတ်မျှတသည့် ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှု ဖြစ်စေဖို့ဆိုသည်ကမူ လုပ်ငန်းသုံးကား လိုအပ်နေသေးသူများအတွက် ရွေးချယ်၀ယ်ယူရာတွင် အခက်အခဲကြီးကြီးမားမားနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ လက်ရှိ စျေးကွက်ထဲတွင် ရောင်းချနေသည့် CKD စနစ်ဖြင့် ထုတ်လုပ်နေသော လုပ်ငန်းသုံးကားမှာလည်း Grade အတော်အတန် နိမ့်နေသေးသည်ဖြစ်ရာ ရွေးချယ်ရခက်ခဲနေဆဲ ဖြစ်သည်။ သို့ရာတွင် တရုတ်နှင့် ကိုရီးယား လုပ်ငန်းသုံးကားအမျိုးအစားများကို တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများလည်း ရှိနေသည့်အတွက် ဂျပန်လုပ်ငန်းသုံး ကားဟောင်းများ၏ကြံ့ခိုင်မှုအပေါ် စိစစ်ရွေးချယ်ခြင်းမျိုး မပြုလုပ်လိုသူများအနေဖြင့် အဆိုပါ တရုတ်၊ ကိုရီးယားနှင့် ပြည်တွင်း CKD ဖြင့် ထုတ်လုပ်သည့် လုပ်ငန်းသုံးကားငယ်များကိုသာ ၀ယ်ယူကြသူများလည်း ရှိလာသည်။ ထို့ကြောင့် ဂျပန်ကားမဟုတ်သည့် အခြားလုပ်ငန်းသုံးကားများ၏ စျေးကွက်သည်လည်း တစ်စတစ်စ ကျယ်ပြန့်လာခဲ့သည်။

တစ်ချိန်တည်းတွင်လည်း ကား Industry ဖွံ့ဖြိုးမှုနှုန်း တိုးတက်လာပြီး ပြည်တွင်း၌ SKD ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကား Brand များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ SKD ကားများ စတင်ထွက်ပေါ်ကာစက အရည်အသွေး စိတ်ချရမှုအပေါ် ကားလောကအတွင်း စိုးရိမ်ကြောင့်ကြမှုများ ရှိခဲ့သည်။ ညာမောင်းကားတင်သွင်းမှု ရပ်ဆိုင်းခြင်းနှင့် SKD ကားများ၏ စံချိန်စံနှုန်းအပေါ်နှိုင်းယှဉ်ပြီး မူဝါဒချမှတ်သူများကို ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာဆိုသော အခြေအနေမျိုးဖြင့် မူဝါဒများ ထုတ်ပြန်ရန် နည်းအမျိုးမျိုးနှင့် တောင်းဆိုခဲ့ကြသည်။ ကားတင်သွင်းမှု ဆိုင်ရာမူဝါဒအရ ဂျပန်ပြည်တွင်းသုံးကားများ တင်သွင်းခွင့် တစ်စထက် တစ်စလျော့ပါးခဲ့ပြီး ပြည်တွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်ထုတ်လုပ်မှုကိုသာ မူဝါဒချမှတ်သူများ အာရုံစိုက်ခဲ့ကြသည့်အတွက် အလုံးစုံဘယ်မောင်းများအဖြစ်ဖြင့်သာ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် ကားတင်သွင်းခွင့်ဆိုင်ရာမူဝါဒ ရုပ်လုံးပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လတ်တလော ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် ကား ကုမ်္ပဏီအများစုသည် CKD စနစ်သို့ ကူးပြောင်းရောက်ရှိလာခြင်း မရှိသေးပေ။ လတ်တလောတွင် မူဝါဒအသာစီးရနေသည့် SKD ကား သစ်များ၏ စျေးနှုန်းများနှင့် တရိပ်ရိပ်တက်ခဲ့သည့် ဂျပန်ညာမောင်းကားများ၏ စျေးနှုန်းများ မတိမ်းမယိမ်းဖြစ်လာသည့်အခါ အ၀ယ်အများစုမှာ ရန်ကုန်လိုင်စင်အားသာချက်၊ After-sales Service ရရှိမှု၊ အရစ်ကျစနစ်ဖြင့် နှစ်ရှည်၀ယ်ယူနိုင်မှုတို့ကြောင့် SKD ကားများ စျေးကွက် မျက်နှာပန်းလှလာခဲ့သည်။ သို့ရာတွင် ဂျပန်ညာမောင်းကြိုက်နှစ်သက်သူများ အခိုင်အမာရှိနေဆဲဖြစ်သည့်အတွက် သိန်းနှစ်ရာ၀န်းကျင် ဂျပန်ကားဟောင်း စျေးကွက်သည်လည်း အ၀ယ်ရရှိနေဆဲပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လက်ရှိမူဝါဒအတိုင်းသာ ဆက်လက် ကျင့်သုံးတော့မည် ဆိုသည်မှာ သေချာနေသည့်အလျောက် လက်ရှိ အရောင်းအ၀ယ်ပြုလုပ်နေကြသည့် ဂျပန်တစ်ပတ်ရစ်ကားများသည်လည်း နှစ်ကာလ ကြာမြင့်လာသည့်အခါ ကားဟောင်းစျေးကွက်ဝေစုတွင် စျေးများကျဆင်း၍ အချိန်ကာလတစ်ခု၌ မရှိသလောက် ရှားပါးပျောက်ကွယ်လိမ့်မည် ဖြစ်သည်။ ဃြ့ ဖြင့် တင်သွင်းသည့် ကားသစ်စျေးကွက်သည်လည်း ရန်ကုန်လိုင်စင်ရရှိမှု အခက်အခဲကြောင့် နယ်အ၀ယ်များကိုသာ အားထားကြရသည့်အတွက် စျေးကွက်ဝေစု လျော့ကျနေဦးမည် ဖြစ်သည်။ ထိုအရာများအတွက် အ ပြောင်းအလဲဖြစ်ပေါ်စေမည့်အဖြေမှာ yVQC စနစ် ပေါ်ထွက်လာခြင်း ရှိ/မရှိ အပေါ်တွင် မူတည်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်လိုင်စင်ကို ပိတ်သိမ်းခဲ့သည့်အကြောင်းရင်းတစ်ချက်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ဆို သော်လည်း တစ်ဖက်တွင် ပြည်တွင်းထုတ်ကားများအပေါ် ရန်ကုန်လိုင်စင်ဖြင့် ရောင်းချခွင့် ပြုထားသည့်အတွက် ကားသစ်စျေးကွက် အားသာချက်ဖြစ်စေခဲ့သော်ငြား ယာဉ်ကြောပိတ်ဆို့မှုအတွက်မူ ထိရောက်သည့် အဖြေတစ်ခုအဖြစ်သို့ မရောက်ရှိခဲ့ပေ။ ထိုပေါ်လစီကြောင့် ပြည်တွင်း မော်တော်ယာဉ်ပိုင်ဆိုင်သူတို့ကြားတွင်သာ ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင် ဟူသော မတူကွဲပြားမှု မြင့်တက်ခဲ့ကာ ကားရောင်း၀ယ်ရာတွင်လည်း စျေးနှုန်း ကွာဟချက်များ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါမူဝါဒစတင်ချိန်မှ ယခု အချိန်အထိ မူဝါဒဂယက်ကြောင့် အကျိုးအမြတ်ရရှိသူများ ရှိသကဲ့သို့ လက်၀ယ်ပိုင်ဆိုင်သည့် ကားတန်ဖိုးများ ရုတ်တရက်ကျဆင်းကာ အရှုံး ရင်၀ယ်ပိုက်ခဲ့ရသူများလည်း ရှိသည်။ ရန်ကုန်လိုင်စင် တစ်ဖက်သတ် ပိတ်ပင်ခဲ့သော်ငြား ရန်ကုန်တွင်နေထိုင်သည့် ကား၀ယ်ယူသူအများစုက နယ်လိုင်စင် ရယူစီးနင်းခဲ့ကြသည့်အတွက် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုမှာ ဒုံရင်းသာလျှင် ရှိခဲ့သည်။ ရန်ကုန်လိုင်စင်ပိုင်ဆိုင်လျှင် ကား တန်ဖိုးမြင့်မားသည်ဟုဆိုကာ ရန်ကုန်လိုင်စင်ကားဟောင်းများ၏ ၀ယ်လိုအား မြင့်မားခဲ့သည့်အတွက်လည်း အဆိုပါကားများ၏ စျေးနှုန်းများ တရိပ်ရိပ်တက်ခဲ့သည်မှာ ယင်းမူဝါဒများ၏ အကျိုးဆက်ပင်ဖြစ်သည်။ ထို့ပြင် ရန်ကုန်လိုင်စင် အလွယ်တကူရသည့် ပြည်တွင်းတပ်ဆင် ထုတ်လုပ်သော ကားသစ်များ တိုးပွားနေသောကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုအပေါ် ထိရောက်မှု မရှိစေခဲ့ပေ။

၂၀၁၉ ခုနှစ်၏ ထင်ရှားသည့် ကားလောက လှိုင်းတံပိုးတစ်ခုက ဖောက်စွပ်/ဖြတ်ဆက်ပြဿနာပင် ဖြစ်သည်။ စစ်အစိုးရလက်ထက်မှစ၍ ခွင့်ပြုခဲ့သည့် အကြီးစားပြင်ဆင်ခွင့်လိုင်စင်ကို ပိတ်သိမ်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်ကစပြီး ဖောက်စွပ်/ဖြတ်ဆက်ကားများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ ဖောက်စွပ်/ဖြတ်ဆက်ကားများ သိမ်းဆည်းသည့်အခါ အမှန်တကယ် အ၀ယ်မှားခဲ့ပြီး ဖောက်စွပ်ကား လက်၀ယ်ပိုက်မိခဲ့သူတို့အတွက် အလုံးစုံ ဆုံးရှုံးကြရသည်။ ယင်းဂယက် ပိုမိုကျယ်ပြောလာပြီး ကားလောကအတွင်း ဆူညံပွက်လောရိုက်လာခြင်းမှာ ယာဉ်စစ်သည့်အခါ ဖောက်စွပ်ကားမဟုတ်သည့် ကားပိုင်ရှင်များအတွက် အပိုကုန်ကျစရိတ်နှင့် ကားပျက်စီးမှုများ ဖြစ်ပေါ်လာရာမှ အသံကျယ်လောင်လာခြင်းပင် ဖြစ်သည်။ ထိုနှင့် တစ်ဆက်တည်း ဖောက်စွပ်ကား အ၀ယ်မှားခဲ့ကြသူများ၏အသံ တစ်စတစ်စ ပိုမိုထွက်ပေါ်လာရာ သိမ်းဆည်းမိသည့် ဖောက်စွပ်ကားများအား စလစ်ထုတ်ပေးမည်ဟု သက်ဆိုင်ရာက တစ်ထစ်လျှော့ချပေးခဲ့ပြီး ယခင်ဖျက်သိမ်းခဲ့သည့် ဖောက်စွပ်ကားများကိုပါ အစားထိုးယာဉ်တင်သွင်းခွင့် စလစ်များ ထုတ်ပေးခဲ့သည်။ ထိုလျှော့ချပေးမှုကြောင့် ဖောက်စွပ်ကား သိမ်းဆည်းခံရပြီး နစ်နာရသူများ သက်မချနိုင်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်တွင် ထင်ရှားသည့် နောက်ထပ်ကားလောက ပြဿနာတစ်ခုက ယာဉ်ပိုင်ရှင်နှင့် ယာဉ်အမည်ပေါက်ပိုင်ဆိုင်သူ ကွဲလွဲနေသည့် အချက် ဖြစ်သည်။ မော်တော်ယာဉ်တစ်စီး ၀ယ်ယူပြီး အမည်ပြောင်းသည့်အခါ ပေးဆောင်ရသည့် ၀င်ငွေခွန်ကို ယခင် ၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ယာဉ်အမည်ပေါက်ပြုလုပ်သူ မရှိသလောက်ရှားပါးခဲ့ကာ ယာဉ်နှင့် ယာဉ်ပိုင်ရှင် ကွဲလွဲမှုရေချိန် ပိုမိုတိုးမြင့်လာခဲ့သည်။ ထိုအချက်ကြောင့် မှုခင်းတစ်စုံတစ်ရာ ဖြစ်လာလျှင် ကားနှင့် ဆက်စပ်နေပါက လိုက်လံစုံစမ်းသည့်အခါ ပြစ်မှုကျူးလွန်သူ မဟုတ်သည့် ယာဉ်ပိုင်ရှင်ဟောင်းဖြစ်နေခြင်းများကြောင့် မှုခင်းထောက်လှမ်းဖော်ထုတ်ရာတွင် အခက်အခဲများရှိသလို ယင်းအားနည်းချက်ကို အခွင့် ကောင်းယူသည့် ပြစ်မှုကျူးလွန်သူများလည်း ရှိခဲ့သည်။ ထို့ပြင် ယာဉ်နံပါတ်အတုနှင့် လိုင်စင်မဲ့ကား စီးနင်းမှုများလည်း ရှိလာသည်ဖြစ်ရာ ယာဉ်နှင့် ယာဉ်ပိုင်ရှင် ကွဲလွဲမှုမဖြစ်စေရန် ပြင်ဆင်ဖို့ လိုအပ်လာသည်။ ထိုအခါ ယာဉ်နှင့် ယာဉ်အမည်ပေါက်ပြဿနာအား ဆေးမြီးတိုဖြင့် ကုသပါတော့သည်။ မည်သည့် ယာဉ်လိုင်စင်ဖြစ်စေ ရန်ကုန်နေလျှင် ရန်ကုန် လိပ်စာ၊ နယ်တွင် နေထိုင်သူဖြစ်လျှင် နယ်လိပ်စာသို့ ပြောင်းလဲရမည် ဖြစ်ပြီး အဓိကအချက်မှာ ယာဉ်နှင့် ယာဉ်အမည်ပေါက် ကွဲလွဲမှုပြေလည်ရန်သာဟူ၍ ဖြစ်သည်။ ယာဉ်အမည်ပေါက်ပြောင်းလျှင် အမည်မပြောင်းခင် ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်ရာ ၀င်ငွေခွန်ကို တစ်ကျပ်မှ ကျပ် သိန်း တစ်ထောင်အထိ ၃ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း ရန်ကုန်လိုင်စင်သို့ ပြောင်းလဲလိုသည့် ရန်ကုန်နေ နယ်လိုင်စင်ရယူထားခဲ့ရသူများမှာ လိပ်စာနှင့် အမည်သာ ပြောင်းသွားမည်ဖြစ်ကာ နယ်လိုင်စင်အဖြစ်ဖြင့်သာ လိပ်ခဲတည်းလည်းနှင့် ဒုံရင်းဖြစ်ခဲ့ရသည်။

အချုပ်ဆိုရသော် ဖွံ့ဖြိုးဖို့ ရုန်းကန်နေရသည့်နိုင်ငံတွင် မူဝါဒများ ချမှတ်ရာ၌ ဟန်ချက်ညီညီ ထုတ်ပြန်နိုင်မှသာ သက်ဆိုင်ရာနယ်ပယ်အတွင်း ရပ်တည်ရှာဖွေ လုပ်ကိုင်နေကြရသူများအတွက်၊ အထူးသဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြရသူတို့အတွက် အရှုံးသက်သာမည်ဖြစ်သည်။ အချိန်ကာလ တစ်ခုရောက်သည့်အခါတွင်လည်း ချမှတ်ထားသည့် မူဝါဒလမ်းစဉ်နောက်သို့ တဖြည်းဖြည်းပြောင်းလဲ၍ လိုက်လျောညီထွေ ရောက်ရှိကျင့်သုံးလာနိုင်မည် ဖြစ်ပေသည်။ နယ်ဒေသများတွင် ကားမူဝါဒများကြောင့် ဖြစ်ပေါ်စေသည့် အခက်အခဲမှာ လုပ်ငန်းသုံးကားအမျိုးအစားများနှင့်ဆိုင်သည့် မူဝါဒသာဖြစ်ပြီး နယ်အ၀ယ်များအနေဖြင့် ဂျပန် လုပ်ငန်းသုံးကားများနေရာတွင် လိုအပ်ချက်အရ မဖြစ်မနေ အခြား တရုတ်နှင့် ကိုရီးယားကားများကို အစားထိုး သုံးစွဲကြရခြင်းသာဖြစ်သည်။ ဂျပန် လူစီးကားများကိုမူ နယ်တွင် နေထိုင်သူများအဖို့ သက်ဆိုင်ရာနယ်လိုင်စင် ရရှိသည့်အတွက် အကြောင်းမထူးလှသော်လည်း ကားတန်ဖိုး မြင့်မား လိုသည့် အချို့နယ်အ၀ယ်များကမူ ရန်ကုန်လိုင်စင်ကားကိုသာ ၀ယ်ယူ အသုံးပြုကြသည်။ ထို့ကြောင့် ရန်ကုန်လိုင်စင် ညာမောင်းကားများ စျေးတန်းအမြင့်သို့ ရောက်ရှိခဲ့ကာ မော်တော်ယာဉ်လိုအပ်ချက်ရှိသည့် ရန်ကုန်မြို့မှ လူလတ်တန်းစားများမှာမူ စျေးနှုန်းမကြီးမြင့်သည့် နယ်လိုင်စင် တစ်ပတ်ရစ်ကားများကိုသာ ရွေးချယ်ကြရသည့်အတွက် နယ်လိုင်စင်ကားများလည်း ရန်ကုန်လမ်းမများပေါ် နေ့ည ပိုမိုတိုးပွားလာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်တော့ ရန်ကုန်လိုင်စင် ဂျပန်တစ်ပတ်ရစ် လူစီးကားများသည်လည်း စျေးတန်းအမြင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

မူဝါဒအများစုမှာ ရန်ကုန်မြို့ကို ဦးတည်ချမှတ်ခဲ့သော မူဝါဒများဖြစ်သော်လည်း ယာဉ်ကြောကျပ်မှု အထိုက်အလျောက်သာ လျော့နည်းခဲ့ပြီး ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ကားများ ပုံမှန်ထက် ရှုပ်ထွေးနေဆဲပင် ဖြစ်သည်။ ထွက်ပေါ်တော့မည်ဆိုသည့် သတင်းများ ခဏခဏဖြစ်ပေါ် ခဲ့သည့် YVQC ဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆဲပင် ဖြစ် သည်။ လာမည့်နှစ်သစ်တွင်လည်း ကားတင်သွင်းမှုဆိုင်ရာမူဝါဒ များစွာ ပြောင်းလဲခြင်း မရှိခဲ့သည့်အတွက် ပြည်တွင်း တပ်ဆင်ထုတ်လုပ်သည့် ကားများ၏စျေးကွက်သာလျှင် ကြီးစိုးတော့မည်ဖြစ်ရာ ကားသစ်များ၏ အရည်အသွေးကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။ သို့ရာတွင် မူဝါဒ အချိုးအကွေ့ များပြားလှသော မြန်မာ့ကားလောကသည် ကြိုတင်မှန်းဆရ မလွယ်ကူသော်ငြား တစ်စထက်တစ်စ ကောင်းမွန်သည့် အပြောင်းအလဲများသို့သာ ဆက်လက် ဦးတည်လိမ့်မည်ဟု ယူဆမိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here