၂ဝ၁၈ မူဝါဒအရ ကားတင်သွင်းမှုများ နည်းသွားပြီး စလစ်စျေး ကျပ်သိန်း ၁၂ဝ အထိ ကျဆင်းသွား

2140

၂ဝ၁၈ မူဝါဒအရ ကားတင်သွင်းမှု များနည်းပါးသွားပြီး အမည်ပေါက် စလစ်စျေး ကျပ်သိန်း ၁၂ဝ အထိ ကျဆင်းသွားကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

 

ပြီးခဲ့သည့်နှစ် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များ မပိတ်ခင် ဒီဇင်ဘာ ၂၇ ရက်မတိုင်ခင်အထိ အမည်ပေါက်စလစ်စျေးသည် ကျပ် ၁၃၈ သိန်းအထိ မြင့်တက်ခဲ့သော် လည်း ဘယ်မောင်းသာ တင်သွင်းရမည့် ယခုနှစ်မူဝါဒကြောင့် ကားတင်သွင်းမှုများ နည်းသွားပြီး ကျပ် သိန်း  ၁၂ဝ အထိ ကျဆင်းသွားကြောင်း သိရသည်။

 

”စလစ်စျေး ဘယ်လောက်ထိ ကျမလဲဆိုတာက ကားအရောင်းစင်တာတွေက တင်သွင်းခွင့်ပါမစ် လျှောက်ထားတဲ့ ၂ဝ၁၇ Consignment ကားအစီးရေ၊ ဒီနှစ်ထဲမှာ ရန်ကုန်လိုင်စင်ရဖို့အတွက် စလစ်ကပ်ပြီး ဝယ်ယူခွင့်လျှောက်မယ့် Brand New ကားအရေအတွက်၊ မူဝါဒအသစ်အရ စလစ်ကပ်ပြီး တင်သွင်းမယ့် ၂ဝ၁၄ မိုဒယ်နဲ့အထက် ဘယ်မောင်းကားတွေအပေါ် မူတည်ပါတယ်၊ စလစ်လိုအပ်ချက်က ရှိနေဦးမှာဖြစ်ပြီး လိုအပ်တဲ့ အပ်ကားအရေအတွက်ရှိမှသာ ဒီထက်စျေးကျမှာ ဖြစ်ပါတယ်၊ နောက်ပြီး စလစ်စျေး အပြောင်းအလဲမှာ  ရန်ကုန်လိုင်စင်ပြန်ပြီးခွင့်ပြုပေးဖို့ ကိစ္စကလည်း အဓိကကျပါတယ်၊ ဒါကြောင့် ဧပြီလမတိုင်ခင်အထိတော့ အမည်ပေါက် စလစ်စျေးက ကျပ်သိန်း ၁၂ဝအောက် ရောက်သွားမယ်လို့ မထင်ပါဘူး”ဟု ‘ JPM ကားအရောင်းစင်တာ’ ဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။

 

စလစ်စျေး အပြောင်းအလဲသည် ရန်ကုန်လိုင်စင်ပြန်လည်ခွင့်ပြုမည့်ကိစ္စနှင့် အဓိကသက်ဆိုင်နေရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလအတွင်း ကားတင်သွင်းခွင့်အတွက် မူဝါဒများချမှတ်ခဲ့ပါက စလစ်စျေးများ ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့ကြသည်။

 

ယခုနှစ်မူဝါဒအရ ၂ဝ၁၄ မို ဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်လိုအပ်ချက်သည် Consignment ကားများအတွက် သာ အဓိကကျနေပြီး တင်သွင်းခွင့်ပါမစ် လျှောက်ထားသည့် အစီးရေနှင့် စျေးကွက်အတွင်း ဝင်ရောက်လာမည့် ၁၉၉၈ မိုဒယ်နှင့်အောက် ကားများအပေါ်တွင် မူတည်နေသည်။ ဇန်နဝါရီလဆန်းပိုင်းတွင် သက်တမ်းနှစ်နှစ်ဆယ် အမည်ပေါက် စလစ်စျေးသည် ကျပ်သိန်း ၁၂ဝ အထိ ကျဆင်းသွားခဲ့သလို အမည် မပေါက်စလစ်သည် ကျပ် ၁၁၃ သိန်း ဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁ဝ ဝန်းကျင်နှင့် တက္ကစီစလစ်သည် ကျပ် ၁၁၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here