၂ဝ၁၈ မိုဒယ် Hyundai Genesis  ကို  ပြည်တွင်းစျေးကွက်အတွင်း  စတင်ရောင်းချ

980

ရန်ကုန်၊ ဇွန်

Hyundai Myanmar မှ ၂ဝ၁၈ မိုဒယ် Hyundai Genesis ကို ပြည်တွင်းစျေးကွက်အတွင်း စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိ ရသည်။

တောင်ကိုရီးယားအခြေစိုက် ထိပ်တန်း ကားကုမ္ပဏီ Hyundai မှ ထုတ်လုပ်သည့် Sedan ကား အမျိုးအစား Genesis ကို ၂ဝဝ၇ ခုနှစ်တွင် Concept ကားအဖြစ် မိတ်ဆက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ၂ဝဝ၈ မိုဒယ်မှ ၂ဝ၁၃ မိုဒယ်အထိကို ပထမမျိုးဆက် သတ်မှတ်ခဲ့ပြီး ၂ဝ၁၃ မိုဒယ်နှင့်နောက်ပိုင်းကို ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့သည်။ ပြည်တွင်းစျေးကွက်အတွင်း စတင်ရောင်းချပေးနေသည့် ၂ဝ၁၈ မိုဒယ် Hyundai Genesis သည် ခေတ်မီဆန်းသစ်သောဒီဇိုင်းများနှင့်အတူ အဆင့်မြင့်မားသော နည်းပညာများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် ကားမိုဒယ်ဖြစ်သည်။

Hyundai Genesis သည် 3.8V6 GDI Gasoline Engine 8-Speed Auto Gear ဖြစ်ပြီး ငါးယောက်စီး ကားအမျိုးအစား ဖြစ်သည်။ ခိုင်ခံ့သော ကိုယ်ထည်တည်ဆောက်ပုံနှင့် အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ထုတ်လုပ်ထားပြီး အလိုအလျောက် တံခါးလော့ခ်ချပေးသည့်စနစ်၊ မိုးရွာသွန်းမှုအပေါ် မူတည်၍ မှန်များကို အလိုအလျောက် သန့်စင်ပေးသည့်စနစ်၊ အရည်အသွေးမြင့် Speaker ၁၄ လုံး စသည်တို့ ပါရှိသည်။ Normal ၊ Sport ၊ ECO စသည့် ယာဉ်မောင်းသူစိတ်ကြိုက်ပုံစံဖြင့် မောင်းနှင်နိုင်ပြီး Safety ပိုင်းတွင်လည်း အရေးပေါ်အခြေအနေမှာ အလိုအလျောက် ထိန်းချုပ်ပေးသည့်ဘီးစနစ်၊ ယာဉ်လမ်းကြောင်း အချက်ပြစနစ်များနှင့်အတူ Airbag ကိုးလုံးတို့ ပါဝင်မည် ဖြစ်သည်။

၂ဝ၁၈ မိုဒယ် Hyundai Genesis ကားကို Hyundai Myanmar Showroom များတွင် အမေရိကန်ဒေါ်လာ ၉၃,၁ဝဝ ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလို တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။     ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here