၂ဝ၁၈ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များ လာမည့်တစ်ပတ်အတွင်း ရောက်ရှိမည်

1472

မန္တလေး၊ မေ

သုံးနှစ်တစ်ကြိမ် ဒီဇိုင်းပုံစံပြောင်းလေ့ရှိသော Honda ၏ မူအရ ယခု ၂ဝ၁၈ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များမှာ ဒီဇိုင်းသစ် အရောင်သစ်များဖြင့် လာမည့်တစ်ပတ်အတွင်း မန္တလေးစျေးကွက်သို့ စတင်ရောက်ရှိလာတော့မည်ဖြစ်ကြောင်းသိရသည်။

” Honda ရဲ့မူအရ သုံးနှစ်ကို တစ်ကြိမ် ဒီဇိုင်းတစ်မျိုးပြောင်းလေ့ရှိတော့ ဒီနှစ် ၂ဝ၁၈ မှာ ဒီဇိုင်းသစ် နဲ့ ထွက်လာတယ်၊ ရှေ့ခေါင်းခြမ်းအချိုးက ၂ဝ၁၂ တုန်းကကာဗာအချိုးပုံစံဖြစ်သွားတယ်၊ အရောင်တွေက မနှစ်က မထွက်တဲ့အရောင်တွေထပ်တိုးလာတယ်၊ ထိုင်းမှာက ၂ဝ၁၈ မိုဒယ် Honda Click ကိုအရင်တစ်ပတ်က စမိတ်ဆက်တယ်၊ဒီနေ့ပဲ မြဝတီကို စရောက်ပြီ၊ ဂျူတီဆောင်ရမှာတွေနဲ့ကားတင်မှာနဲ့ဆိုရင် လာမယ့်တစ်ပတ်အတွင်းဆိုမန္တလေးစရောက်ပြီ၊ မန္တလေးစရောက်ပြီဆိုရင် အခြားနယ်တွေပါစဖြန့်လို့ရပြီပေါ့”ဟု ထိုင်း Honda ဆိုင်ကယ်များ တင်သွင်းရောင်းချနေသည့် JIAFA Trading ကုမ္ပဏီမှ မန်နေဂျာဦးဝင်းနိုင်က မေလ ၈နေ့ တွင် ပြောကြားသည်။

”အင်ဂျင်ပါဝါကို 150 CC ရော 125 CC ရော နှစ်မျိုးထွက်ရှိမယ်ဆိုပေမယ့် လောလောဆယ်တော့ 150 CC ပဲ စျေးကွက်ထဲစဝင်သေးတယ်၊150 CC မှာကို ဒလက်ဘီးပဲ စရောက်သေးတယ်၊ ဒလက်ဘီးမှာတော့ အနက်၊ခဲရောင်၊ အနီရောင် အရောင် ၃ မျိုးရှိမယ်၊စပုတ်ဘီးက လိမေ္မာ်ရောင်၊ အပြာရောင် နှစ်မျိုးရှိမယ်၊ စပုတ်ဘီးအရောင်တွေက မြန်မာပြည်ကသိပ်မကြိုက်ကြလို့ မသွင်းကြသေးဘူး၊ လောလောဆယ် ဒလက်ဘီးပဲသွင်းကြသေးတယ်”ဟု ထိုင်းဆိုင်ကယ်များ တင်သွင်းရောင်းချနေသည့် Ever OK ကုမ္ပဏီမှ ဒါရိုက်တာတစ် ဦးဖြစ်သူ ကိုဥက္ကာဇွဲလွင်က ဆို သည်။

ယခု ၂ဝ၁၈ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်တွင်ရှေ့ ခေါင်းခြမ်း၊ ဒိုင်ခွက်၊ နောက်ဘေး အချက်ပြမီး၊ အိတ်ဇောနှင့် သော့ မှာ Smart Key သော့အဖြစ်ပြောင်းလဲသွားပြီးလက်လီရောင်းစျေးမှာ ကျပ် ၃၃ သိန်းဝန်းကျင် ပေါက်စျေး ရှိနိုင်ကြောင်း ဆိုင်ကယ်အရောင်းပြခန်းများထံမှထပ်မံသိရသည်။  ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here