မန္တလေး၊ မတ်
ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ပြီးခဲ့သည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သော Honda CB 150R ဆိုင်ကယ်သည် မြန်မာနိုင်ငံစျေးကွက်အတွင်းသို့ ၂ဝ၁၈ မိုဒယ်အဖြစ် မတ်လ တတိယပတ်မှစ၍ စတင်ရောက်ရှိလာကြောင်း သိရသည်။
”အရင် Honda က CBR ထွက်တာကနေ အခု CBR မထွက်တော့ဘဲ Honda CB 150R ဆိုပြီး ဒီဇိုင်းအသစ်နဲ့ ပုံစံ ပြောင်းထွက်လာတယ်၊ အဲဒီဆိုင်ကယ်အမျိုးအစားက ထိုင်းနဲ့ အင်ဒိုနီးရှားမှာပဲ ရောင်းတာ၊ မနှစ်က နှစ်ဝက်ကျော်မှ ထိုင်းမှာ စမိတ်ဆက်တယ်၊ မြန်မာနိုင်ငံကို အခုမှ ၂ဝ၁၈ မိုဒယ် စဝင်တာ၊ Honda CB 150R က ကျွန်တော်တို့ ကုမ္ပဏီက ပထမဦးဆုံး စသွင်းဖြစ်တယ်၊ စျေးကွက်ထဲကို စရောက်ပြီဆိုပေမဲ့ အစီးရေများများ မှာလို့မရသေးတဲ့အတွက် လောလောဆယ် ကျယ်ကျယ်ပြန့်ပြန့်တော့ တွေ့ရဦးမှာမဟုတ်ဘူး”ဟု မန္တလေးမြို့ ‘Ever OK ကုမ္ပဏီ’ဒါရိုက်တာ ကိုဥက္ကာဇွဲလွင်က ဆို သည်။
၂ဝ၁၈ မိုဒယ် Honda CB 150R ဆိုင်ကယ်အမျိုးအစားတွင် အင်ဂျင်ကို 150 CC ဖြင့် ထုတ်လုပ်ထားပြီး ဂီယာ အောက်တစ်ချက် အပေါ်ငါးချက် စုစုပေါင်း ဂီယာ ခြောက်ချက်ပါဝင်ကြောင်း၊ EFI စနစ်ဖြစ် ပြီး Octane 95 ဆီအမျိုးအစားသာထည့်၍ အသုံးပြုရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆိုင်ကယ် အလျားသည် အိန္ဒိယ Yamaha FZ S ဆိုင်ကယ်များထက် အနည်းငယ်တိုပြီး ဖရိမ်ကို Diamond Shape ပုံစံချိုးထားသည့် အတွက် လမ်းကြမ်းများတွင် ဆိုင်ကယ်တုန်ခါမှုမရှိဘဲ ပေါ့ပါးစွာ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း Ever OK ကုမ္ပဏီမှ သိရသည်။
”အခု Honda CB 150R ရဲ့ အလျား က အရင် Honda CBR တို့၊ Yamaha FZ တို့ထက် တိုတော့ ဆိုင်ကယ်အလေးချိန် အနည်းငယ်ပေါ့သွားမယ်၊ အကွေ့တွေမှာ ဝိတ်များလို့လဲမှာတွေ မပူရတော့ဘူး၊ ထူးခြားတာက ဆိုင်ကယ်ဖောက်ကိုလည်း Yamaha WR ဆိုင်ကယ်တွေလို ပြောင်းပြန်တပ်ဆင်ပေးထားတယ်၊ လက်ကိုင်တန်း နဲ့ ဖောက်ကြားမှာလည်း ရော်ဘာခံပေးထားလို့ လမ်းကြမ်းတွေမှာ ဆိုင်ကယ်တုန်ခါပြီး လက်နာမှာ မရှိတော့ဘူး၊ အခု Honda CB 150R မှာ အင်ဂျင်ကအစ အရင် Honda ဘီးကြီးတွေထက် အဆွဲအရုန်းမှာ ပိုသွက်တာ တွေ့ရတယ်”ဟု ‘Ever OK ကုမ္ပဏီ’ ဒါရိုက်တာ ကိုဥက္ကာဇွဲလွင်က ထပ်မံဆိုသည်။
Honda CB 150R တွင် ရှေ့ဘီးနှင့် နောက်ဘီးကို Tubeless ဖြင့် ထုတ်လုပ်ထားသကဲ့သို့ ဘရိတ်ကိုလည်း ရှေ့ Disc ၊ နောက်Disc တပ်ဆင်ထားသောကြောင့် Highway သွားလာရာတွင် အရှိန်နှုန်းကို တိကျစွာထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လက်ကိုင်တန်းကိုလည်း ဆိုင်ကယ်မောင်းသူ၏ ထိုင်ခုံအကွာအဝေးနှင့် Fitting ကျအောင် ဖန်တီးထားသောကြောင့် ဘီးကြီး နှစ်သက်သူများအတွက် များစွာအဆင်ပြေစေမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံ သိရသည်။ အဆိုပါ ၂ဝ၁၈ မိုဒယ် Honda CB 150R ကို All Black ၊ နက်နီ၊ နက်ခဲ ပြာ အရောင်သုံးမျိုး ထုတ်လုပ်ပေးထားပြီး မတ်လ တတိယပတ်မှစ၍ ကျပ် ၃၉ သိန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိသည်။
ကျော်ကျော်အောင်(ကလေးမြို့)