၂ဝ၁၈ နှင့် ၂ဝ၁၇ မိုဒယ် ထိုင်း Scoopy i သာ အရောင်းအဝယ်ဖြစ်နေပြီး ကျန်ဆိုင်ကယ်များအဝယ်အေးနေသည့် မန္တလေးဆိုင်ကယ် စျေးကွက်

1180

မန္တလေး၊ မေ

သကြင်္န်ကာလအပြီးတွင် မန္တလေးမြို့တော်၌ ဆိုင်ကယ် Brand အားလုံး အရောင်းသွက်ခဲ့သော်လည်း ဧပြီလကုန်ပိုင်းတွင် ၂ဝ၁၈နှင့်၂ဝ၁၇ မိုဒယ် ထိုင်း Scoopy i ဆိုင်ကယ်များသာ အရောင်းသွက်နေခဲ့ပြီး တရုတ်ဆိုင်ကယ်နှင့် ဝယ်/ရောင်းစျေးကွက်မှာ စံချိန်တင်အရောင်းအဝယ်အေးနေကြောင်း မန္တလေးမြို့ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

”အရင်အပတ်ကတော့ထိုင်း ၂ဝ၁၈ မိုဒယ် Scoopy i ဆိုင်ကယ်တွေစဝင်ခါစဆိုတော့ ၂ဝ၁၈မိုဒယ် ကိုပဲဝယ်သူများတယ်၊၂ဝ၁၈ မိုဒယ် နဲ့၂ဝ၁၇မိုဒယ်နဲ့က ဒီဇိုင်းမချိန်းဘူး၊ အရောင်နဲ့ စတေကာပဲချိန်းတော့ တစ်ချို့ကလည်း စျေးတစ်သိန်းကျော်သက်သာတဲ့ ၂ဝ၁၇ မိုဒယ်ပဲ ဝယ်သွားကြတာများတယ်၊ ဒီရက်ပိုင်းကတော့ ထိုင်း Scoopy i ပဲ ၂ဝ၁၇ မိုဒယ်ရော ၂ဝ၁၈ မိုဒယ် ရော မျှဝယ်ကြတယ်၊ တစ်ရက်ကို ၁ဝ စီးကျော်ရောင်းရတာမှာ Click က တစ်စီး၊ ၂ စီးပဲပါတယ်၊ ထိုင်း Click က ဇွန်လထဲထွက်မယ်ဆိုပြီး သတင်းထွက်နေတော့ ဒီရက်ပိုင်း Click က အဝယ်တော်တော်ပါးတယ်”ဟု မန္တလေးမြို့ Auto ၃၈ ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုအောင်ရီစိုးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ၂ဝ၁၈ မိုဒယ်ထိုင်း Scoopy i များဝင်ရောက်မှု တစ်ပတ်ခန့်အကြာတွင် ယခင်ပေါက်စျေးထက် ကျပ်ငါးသောင်းခန့်စျေးကျသွားသော်လည်း ၂ဝ၁၇ မိုဒယ် ထိုင်း Click ဆိုင်ကယ်မှာ ဘီးရှားပါးလာမှုနှင့်အတူကျပ် ငါးသောင်းခန့် စျေးတက်လာကြောင်း၊ ထို့ပြင်ယခုရက်ပိုင်း ထိုင်း Click, Scoopy i ဆိုင်ကယ် အများစု အရစ်ကျထက်လက်ငင်း ဖြင့် ပိုမိုအရောင်းသွက်နေပြီး ရွှေဘို၊ ဗန်းမော်၊ လားရှိုးစသောမြို့များမှ ဝယ်ယူသူများပြားကြောင်း မန္တလေးမြို့ဆိုင်ကယ်အရောင်းပြခန်းများထံမှ သိရသည်။

”Click က လာမယ့်ဇွန်လထဲဆို ပုံပြောင်းထွက်တော့မှာဆိုပြီး သတင်းတွေထွက်နေတော့ ၂ဝ၁၇ Click က ထိုင်းဖက်မှာကစ ရှာဝယ်ရခက်သွားတယ်၊စီးရေနည်းသွားတာရော ငွေစျေးအပြောင်းအလဲကြောင့်ရော တစ်စီးကိုငါးသောင်းလောက် စျေးတက်သွားတယ်၊ ၂ဝ၁၈ မိုဒယ် ထိုင်း Scoopy i ကတော့ စဝင်ခါစကထက်စာရင် စျေးတန်းကတအိအိကျလာတယ်” ဟု မန္တလေးမြို့ခံဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော်တွင် ထိုင်း Scoopy i များ အရောင်းသွက်နေသော်လည်း တရုတ်နိုင်ငံထုတ် KEETO, Lifan, Star Sky စသောတံဆိပ်များ၏ CZI,Auto,MSX စသောဆိုင်ကယ်များမှာ ရောင်းအားကျဆင်းနေပြီး ယင်းမှာ လကုန်ရက်ပိုင်းနှင့် APromotion အပြိုင်အဆိုင် ဝန်ဆောင်မှုပေးနေမှုများကြောင့်ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

”တရုတ်ဆိုင်ကယ်တစ်စီး ဝယ်ရင် ရေခဲသေတ္တာတစ်လုံးလက်ဆောင်ပေးနေတာတောင် တစ်ရက် ကို တစ်စီးလောက်ပဲရောင်းရတယ်၊ ဧပြီလတစ်လလုံးဆိုရင် အစီး ၃ဝ ဝန်းကျင်ပဲရောင်းရတယ်၊ အဓိကတော့ အခုရာသီက ဆိုင်တိုင်းလက်ဆောင် ကြီးကြီးမားမားပေးပြီးဝန်ဆောင်မှုပေးနေကြတော့ စျေးကွက်မျှသွားတဲ့သဘောမျိုးလည်းဖြစ်မှာပေါ့”ဟု မန္တလေးမြို့ဆိုင်ကယ်နန်းတော်အရောင်းပြခန်းမှ မန်နေဂျာ ကိုစိုင်းက ပြောသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် ဧပြီလ ကုန်ပိုင်း၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၈ မိုဒယ် ထိုင်း Honda Scoopy i ဒလက် ကျပ် ၂,၅၃ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,၄၈ဝ,ဝဝဝ၊ ၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက် ကျပ် ၂,၄၅ဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၃၅ဝ,ဝဝဝ၊ Scoopy i ဒလက် ကျပ်၂,၄ဝဝ,ဝဝဝ၊ Scoopy i စပုတ်-ကျပ် ၂,၃ဝဝ,ဝဝဝ၊ Wave 100-ကျပ် ၁,၁၅ဝ,ဝဝဝ ၊ တရုတ် နိုင်ငံထုတ် CZI-7 (Keeto)- ကျပ် ၆၇ဝ,ဝဝဝ၊ Wave-2 (Keeto)- ကျပ် ၇၅ဝ,ဝဝဝ၊ MSX (Keeto)- ကျပ် ၉ဝဝ,ဝဝဝ၊ EFI 4(Keeto)- ကျပ် ၇ဝဝ,ဝဝဝ၊ Lifan PK 100-ကျပ် ၈၇ဝ,ဝဝဝ စသည့် ပေါက်စျေးများရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထို့အပြင် မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင်မူ ဧပြီလကုန်ပိုင်း၌ တရုတ်တစ်ပတ်ရစ် ဆိုင်ကယ်များတွင် ကျပ်၂ သိန်းခွဲနှင့် ၃သိန်း ဝန်းကျင် CZI, ရုပ်ဆိုး စသော ဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်ပြီး ကျပ် လေးသိန်းဝန်းကျင်တစ်ပတ်ရစ်ဆိုင်ကယ်များမှာမူ စံချိန်တင် အရောင်းအဝယ်အေးနေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”သကြင်္န်ပြီးကတည်းက လာရောင်းတဲ့သူနည်းသလို ဝယ်သူလည်းနည်းတယ်၊လာဝယ်ပြန်တော့လည်း ကျပ် ၂ သိန်းခွဲ ကျပ် ၃သိန်းဝန်းကျင် CZI,ရုပ်ဆိုးလောက်ပဲ လာရှာဝယ်ကြတယ်၊စျေးနည်းနည်းမြင့်တဲ့ဘီးတွေက စျေးကွက်ထဲမှာရော Online ဖက်မှာရော အရောင်းအဝယ်ပါးနေတယ်၊ နယ်ဖက်ကဆိုလာဝယ်သူကို မရှိသလောက်ပဲ”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှဝါရင့်ဝယ်/ ရောင်းတစ်ဦးဖြစ်သူ ကိုညီညီလွင် က ပြောသည်။

ထို့ပြင် ထိုင်းတစ်ပတ်ရစ် ဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် ကိုထွန်းထွန်းဝင်း က”ဒီရက်ပိုင်း အပြင်မှာမိုဒယ်သစ်ထွက်တဲ့သတင်းက ပျံ့နေတော့ အခုမိုဒယ်နိမ့်ဘီးစျေးကွက်မှာတော်တော်ကြီးကို အရောင်းပါးနေတယ်၊ ၃ ရက် လောက်နေမှ မိုဒယ်နိမ့် ထိုင်းScoopy i တစ်စီးလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်၊ အရင်အပတ်ကမှ နည်းနည်းရောင်းရသေးတယ်၊ ဒီရက်ပိုင်းအခြေအနေတော်တော်ဆိုးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင် ဧပြီလစတုတ္ထပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မို ဒယ် Click စပုတ်နှင့် Scoopy I  စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၆၉ဝ,ဝဝဝ ဝန်းကျင်၊ ၂ဝ၁၃ မိုဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၄၅ဝ,ဝဝဝ ဝန်းကျင်စျေးတူ၊ Moove ဒလက်(၂ဝ၁၅)ကျပ် ၁,၅ဝဝ,ဝဝဝ ဝန်းကျင်နှင့် တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ် ဆိုင်ကယ်များမှာဆိုင်ကလုန်းကျပ် ၅ သိန်းမှ ၈သိန်းကြား၊Super Cup Jialing  ကျပ်၂သိန်းခွဲမှ ၃သိန်းကြား၊ CZI- ကျပ် ၃ သိန်းမှ ၃ သိန်းခွဲကြား၊ MSX ကျပ်၆သိန်းခွဲဝန်းကျင်တို့တွင် အသီးသီးပေါက်စျေးများရှိနေကြောင်း ၎င်းစျေးကွက်အတွင်းမှ သိရှိရသည်။

ကျော်ကျော်အောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here