၂ဝ၁၈  ခုနှစ်  မော်တော်ယာဉ်တင်သွင်းခွင့်  မိုဒယ်သတ်မှတ်ချက်များ  စက်တင်ဘာလ(ယခုလ)မကုန်မီ ထုတ်ပြန်ကြေညာမည်၊  စလစ်ကပ်တင်သွင်းမှုစနစ်ကို  ဆက်လက်ကျင့်သုံးမည်ဖြစ်

630

၂ဝ၁၈ ခုနှစ် မော်တော်ယာဉ်တင် သွင်းခွင့် မိုဒယ်သတ်မှတ်ချက်များကို စက်တင်ဘာလ (ယခုလ) မကုန်မီ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး စလစ်ကပ်တင်သွင်းမှုစနစ်ကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ယာဉ်အို/ဟောင်း အစားထိုးလဲလှယ်သည့်စနစ်သည် အခြားနိုင်ငံများတွင်မရှိဘဲ မြန်မာနိုင်ငံတွင်သာ ကျင့်သုံးနေခြင်းကြောင့် ဖျက် သိမ်းရန် စီစဉ်ခဲ့သော်လည်း မိုဒယ် နိမ့်ကားများစွာ ရှိနေသေးခြင်း၊ YBS အို/ဟောင်းဘတ်စ်များ အပ်နှံရန် ကျန်ရှိနေသေးခြင်းနှင့် တိုက်ကြေအစားထိုး တင်သွင်းခွင့်ပေးရာတွင် အခြားနည်းလမ်းတစ်ခုခုဖြင့် ဖြေရှင်းရန် လမ်းစရှာမတွေ့သေးသောကြောင့် စလစ်ကပ်တင်သွင်းခြင်းကို ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

”လာမယ့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် မိုဒယ် သတ်မှတ်ချက်တွေကို ဒီလမကုန်ခင်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ တင်သွင်းခွင့်ရမယ့် မိုဒယ်တွေနဲ့ ဘယ်မောင်း/ညာမောင်း ခွင့်ပြုမှုကို တရားဝင်ကြေညာလို့ မရသေးပေမဲ့ စလစ်ကပ်စနစ်ကတော့ ဆက်လက်ကျင့်သုံးဦးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

လာမည့်နှစ်တွင် လူစီးကားတင်သွင်းမှုအတွက် သုံးနှစ်ခုန်ပြီး ခွင့်ပြုပေးဖွယ်ရှိရာ ၂ဝ၁၄ မိုဒယ်ကို စလစ်ကပ်စနစ်ဖြင့် တင်သွင်းခွင့်ပေးဖွယ်ရှိပြီး ၂ဝ၁၅ မိုဒယ်နှင့် အထက်ကို ဖရီးပါမစ်ဖြင့် တင်သွင်း ခွင့်ရမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းသုံးကားများကိုလည်း ပုံမှန်အတိုင်း ရောက်ရှိခုနှစ်၏ ၁ဝ နှစ်အတွင်း မဟုတ်တော့ဘဲ အနည်းဆုံးသုံးနှစ်မှ ငါးနှစ်ခုန်ပြီး တင်သွင်းခွင့်ပေးဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here