၂ဝ၁၈  ခုနှစ်၊ မေလ  တတိယပတ်အထိ  တိုက်ကြေကား ၁၆၄  စီး  အပ်နှံထား

640

ရန်ကုန်၊ မေ

၂ဝ၁၈ ခုနှစ်အတွင်း မေလ တတိယပတ်အထိ တိုက်ကြေကား ၁၆၄ စီး အပ်နှံမှုရှိကြောင်း သန်လျင် ကညနရုံးမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မတော်ဆမှုကြောင့် တိုက်ကြေပျက်စီးသွားသော ကားများ၊ မီးလောင်ပျက်စီးသွားသောကားများကို အရည်ကျို အပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ်တင်သွင်းခွင့်ကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လမှ စတင်ခွင့်ပြုခဲ့ရာ ၂ဝ၁၆ ခုနှစ်ကုန်အထိ ၂,၇၂၃ စီး၊ ၂ဝ၁၇ ခုနှစ်တွင် ၁,၄၂၆ စီး၊ ၂၁ဝ၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရှစ်စီး၊ ဖေဖော်ဝါရီ လတွင် ၃၇ စီး၊ မတ်လတွင် ၃၁ စီး၊ ဧပြီလတွင် ၄၁ စီး၊ မတ်လ ၂၂ ရက်ထိ ၄၇ စီး အပ်နှံထားကြောင်း သိရသည်။

”ဒီနှစ်ထဲမှာ တိုက်ကြေကား အပ်နှံမှုက အရင်ထက် လျော့နည်းလာပါတယ်၊ အပ်နှံတဲ့ တိုက်ကြေကားတွေထဲမှာ လူစီးတိုက်ကြေကား ၈ဝ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ပါတယ်၊ တိုက်ကြေအပ်နှံမယ်ဆိုရင် ရဲမှုကင်းရှင်းရမှာဖြစ်သလို တရားရုံးမှာလည်း အမှုပြီးပြတ်တဲ့ကားဖြစ်ရင် တိုက်ကြေအစစ် ဟုတ်မှန်ကြောင်း ခံဝန်ကတိရေးခိုင်းပြီးမှ အပ်နှံခွင့်ပေးပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ ကားစျေးကွက်အတွင်း ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ စတိနံပါတ်ကားများ အဝယ်လိုက်နေခြင်းကြောင့်  တိုက်ကြေစလစ်များလည်း အဝယ်ရှိပြီး ယခုရက်ပိုင်းအတွင်း ကျပ် ၁ဝ၂ သိန်း ဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပေးမည့်မူဝါဒ ထွက်ပေါ်လာပါက ကားစျေးများ အပြောင်းအလဲဖြစ်ပေါ်လာခြင်းနှင့်အတူ စလစ်စျေးများလည်း လက်ရှိပေါက်စျေးထက် ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here