၂ဝ၁၈ ခုနှစ်အတွင်း တိုက်ကြေကားအပ်နှံမှု လျော့နည်းသွားပြီး နှစ်လအတွင်း ၄၅ စီးသာ အပ်နှံ

737

ရန်ကုန်၊ မတ်
၂ဝ၁၈ ခုနှစ်အတွင်း တိုက်ကြေကား အပ်နှံမှု လျော့နည်းသွားပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ၄၅ စီးသာ အပ်နှံမှုရှိကြောင်း သန်လျင် ကညနရုံးမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ ယာဉ်မတော်ဆမှုကြောင့် တိုက်ကြေပျက်စီးသွားသော ကားများ၊ မီးလောင်ပျက်စီးသွားသော ကားများကို အရည်ကျိုအပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ်တင်သွင်းခွင့်ကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လမှ စတင်ခွင့်ပြုခဲ့ရာ ၂ဝ၁၆ ခုနှစ် နှစ်ကုန်အထိ ၂,၇၂၃ စီး၊ ၂ဝ၁၇ ခုနှစ်အတွင်း ၁,၆၉၄ စီး အပ်နှံခဲ့သည်။ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရှစ်စီးနှင့် ဖေဖော်ဝါရီလအတွင်း၌လည်း ၃၇ စီး အပ်နှံခဲ့ကြောင်း သိရသည်။

”ဒီနှစ်ထဲမှာ တိုက်ကြေကား လာရောက်အပ်နှံတဲ့ အစီးရေက အရင်နှစ်တွေထက် လျော့နည်း သွားပါတယ်၊ အပ်နှံတဲ့တိုက်ကြေတွေထဲမှာ လူစီးကားတိုက်ကြေက ၈ဝ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်၊ တိုက်ကြေ အပ်နှံမယ်ဆိုရင် ရဲမှုကင်းရှင်းသွားပြီး တရားရုံးမှာလည်း အမှုပြီးပြတ်ရမည်ဖြစ်ကာ တိုက်ကြေအစစ် ဖြစ်ကြောင်း ခံဝန်ကတိရေးခိုင်းပြီးမှ အပ်နှံခွင့်ပေးပါ တယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တိုက်ကြေကားအပ်နှံပြီး အစားထိုးယာဉ် ပြန်လည်တင်သွင်းရာ တွင် CIF တန်ဖိုးတူသည့် ယာဉ်ကိုသာ ပြန်လည် တင်သွင်းခွင့်ပေးမည်ဖြစ်သည်။ ယခုနှစ်တွင်မူ CIF တန်ဖိုး မထုတ်ပြန်တော့သဖြင့် တန်ဖိုးနည်းကားများ တိုက်ကြေ အပ်နှံပါက ယခင်နှစ်၏ CIF တန်ဖိုးအနိမ့်ဆုံးကားကို စလစ်ကပ်ခွင့် ပြုမည် ဖြစ်သည်။ နယ်လိုင်စင်အပ် ကားများကို ရန်ကုန်လိပ်စာမပေးတော့သည့် နောက်ပိုင်းတွင် အပ်ကားရှားပါးသွားပြီး ရန်ကုန်အမည်ပေါက် နှစ် နှစ်ဆယ်စလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁ဝ၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။
ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here