၂ဝ၁၈ ခုနှစ် မော်တော်ယာဉ်အခွန် စည်းကြပ်မှုအတွက် CIF ထုတ်ပြန်တော့မည်မဟုတ်ဘဲ တင်သွင်းသူ ကိုယ်တိုင်တင်ပြသည့် တန်ဖိုးဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုနှစ် မိုဒယ်သတ်မှတ်ချက်အရ ၂ဝ၁၄ မိုဒယ်မှစ၍ တင်သွင်းရမည်ဖြစ်သောကြောင့် ဒေါ်လာ ငါးထောင်အောက် လျော့ပြီး တင်ပြသည့်ကားများကို Under Value အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ပြည်ပမှတင်သွင်းသည့် ကားများအတွက် အခွန်တန်ဖိုးသတ်မှတ်ခြင်းကို WTO Valuation Agreement နှင့်အညီ Decelaration to Particular Relating to Customs Value Form ပုံစံနှင့် တင်သွင်းသူ ကိုယ်တိုင် Self Assessment System(SAS)ဖြင့် တန်ဖိုးတွက်ချက် ကြေညာသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။
”အရင်နှစ်က တင်သွင်းသူ စိတ်ကြိုက် CIF နဲ့တန်ဖိုးဖြတ်သလို WTO Valuation အတိုင်း တွက်ချက်ပြီး တင်ပြတန်ဖိုးအတိုင်းလည်း ဆောင်ရွက်ပေးခဲ့ပါတယ်၊ ဒီနှစ်မှာတော့ CIF တန်ဖိုးတွေကို မသတ်မှတ်တော့ဘဲ WTO Valuation အတိုင်းပဲ အခွန်စည်းကြပ်မှာပါ၊ WTO Valuation အတိုင်း အခွန်စည်းကြပ်တဲ့အခါ မှန်မှန်ကန်ကန် တင်သွင်းတဲ့သူတွေအတွက် အကျိုးရလဒ်တွေ ရရှိမှာပါ၊ တန်ဖိုး မှန်ကန်မှု ရှိ/မရှိကို အခွန်နှောင်းစာရင်း(PCA)နဲ့ ပြန်စစ်ဆေးမှာဖြစ်ပြီး တန်ဖိုးလျှော့ တင်ပြခဲ့ရင် ပစ္စည်းတန်ဖိုးသုံးဆဖြစ်ဖြစ်၊ ထောင်ဒဏ် ၁ဝ နှစ်ဖြစ်ဖြစ် ချမှတ်လို့ ရပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ်အတွက် ပြည်ပမှ တင်သွင်းသည့် ကားများအပေါ် အခွန်စည်းကြပ်ရာတွင် CIF တန်ဖိုးမထုတ်ပြန်တော့ဘဲ WTO Valuation အရ ဆောင်ရွက်မည်ဖြစ်သောကြောင့် ၁၃၅ဝ စီစီနှင့် အောက်ကားများကို အမေရိကန် ဒေါ်လာ ငါးထောင်ဖြင့် ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်၏ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ၂ဝ၁၄ မိုဒယ်မှစ၍ တင်သွင်းခွင့်ရမည်ဖြစ်ရာ မူရင်းဝယ်ယူသည့် တန်ဖိုးမြင့်မားသောကြောင့် အမေရိကန်ဒေါ်လာ ငါးထောင်အောက် လျော့ပြီး တင်ပြသည့်ကားများကို Under Value အဖြစ်သတ်မှတ်၍ လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရသည်။
ဆန်းသစ်အောင်