၂ဝ၁၈ ကားတင်သွင်းခွင့်မူဝါဒကြောင့် ဘယ်မောင်းနှင့်ညာမောင်း ကားသစ်နှင့်ကားဟောင်စျေးကွက်အမျိုးမျိုးကွဲပြားသွားမည့် ကားစျေးကွက်

2109

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာ ၁၇ ရက်က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ မိုဒယ်သတ်မှတ်ချက်တွင် ရောက်ရှိခုနှစ်မှ ငါးနှစ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်ရာ မူဝါဒမထွက်ပေါ်ခင်ကတည်းက အားလုံးကြိုတင်ခန့်မှန်းထားကြပြီးဖြစ်သောကြောင့် ဝေဖန်သံများ ဆိုးဆိုးရွားရွား ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရသည်။ လာမည့်နှစ်များမှစ၍ ဂျပန်ညာမောင်းကားများ တင်သွင်းခွင့်မရတော့သည့် အခြေအနေတွင် ရောက်ရှိပြီးသား ညာမောင်းကားများ၏စျေးကွက်မှာ ခေတ္တရပ်ဆိုင်းသွားပြီး စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်ကာ ကားများကို မဖြစ်နိုင်သည့်စျေးများဖြင့် ခေါ်ရောင်းနေကြသည်။

 

”မူဝါဒတစ်ခု ချမှတ်လိုက်ပြီဆိုရင် သတ်မှတ်ထားတဲ့အတိုင်း တစ်ပြေးညီ လိုက်နာရမှာဖြစ်ပါတယ်၊ မူဝါဒအသစ်မှာ ရောက်ရှိမိုဒယ်ငါးနှစ်အတွင်း ကားတွေကို ဘယ်မောင်းပဲ တင်သွင်းခွင့်ပေးပေမဲ့ တစ်ချိန်မှာ ဒီလို ဖြစ်လာမယ်ဆိုတာ ကြိုသိထားကြတဲ့အတွက် ထိခိုက်နစ်နာမှုတွေကြီးကြီးမားမားဖြစ်သွားတာ မတွေ့ရပါဘူး၊ လာမယ့်နှစ်ကစပြီး ညာမောင်းကားတွေ တင်သွင်းခွင့်မပေးတော့တဲ့အခြေအနေမှာ ဘာဆက်လုပ်ရမလဲဆိုတာကို တော့ ပြင်ဆင်ရတော့မှာပါ၊ ညာမောင်းကားတွေ တင်သွင်းလို့မရတော့ပေမဲ့ ဒီမှာထုတ်လုပ်တဲ့ ဂျပန်ဘယ်မောင်းကားတွေရှိနေတဲ့အတွက် စျေးကွက်က အများကြီးရိုက်ခတ်သွားမှာတော့ မဟုတ်ပါဘူး၊ အမြင့်ကားတွေကတော့ အထိုက်အလျောက်စျေးတွေပြောင်းလဲသွားနိုင်ပါတယ်၊ ဒါပေမဲ့ Brand New ကားတွေရှိနေတဲ့အတွက် အများကြီးမြင့်တက်သွားမှာတော့ မဟုတ်ပါဘူး၊ အနာဂတ် ကားစျေးကွက် အခြေအနေက စျေးကွက်လိုအပ်ချက်အတိုင်း Brand New ကားတွေ လုံလုံလောက်လောက်ရောင်းချပေးနိုင်မယ့် အခြေအနေအပေါ်မှာ မူတည်သွားမှာဖြစ်ပါတယ်”ဟု ‘ MTC Co.,Ltd ‘ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်ကဆိုသည်။

 

လာမည့်နှစ်မှစ၍ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကို သာ တင်သွင်းရတော့မည်ဖြစ်ရာ ကိုရီးယား၊ တရုတ်ကားများကို တင်သွင်းမည့်လိုင်း၊ ဥရောပထုတ် ဘယ်မောင်းကားများကိုတင်သွင်းမည့်လိုင်း၊ ဒူဘိုင်းကဲ့သို့ ဘယ်မောင်းအသုံးပြုသည့်အာရှနိုင်ငံများမှ ဂျပန်ဘယ်မောင်းကားများကို တစ်ဆင့်ပြန်လည်တင်သွင်းမည့်လိုင်း အစရှိသဖြင့် တင်သွင်းမည့်ပုံစံအမျိုးမျိုးပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ပြင် စျေးကွက်အတွင်း၌လည်း အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားစျေးကွက်နှင့် ရောက်ရှိပြီးသား ညာမောင်းကားစျေးကွက်ဟူ၍ စျေးကွက်နှစ်မျိုးကွဲပြားသွားမည် ဖြစ်သည်။

 

”လာမယ့် ၂ဝ၁၈ ခုနှစ်မှာ ၂ဝ၁၄ မိုဒယ်ကစပြီး တင်သွင်းရမယ့်အပြင် ဘယ်မောင်းတစ်မျိုးတည်း သွင်းရမှာဖြစ်တဲ့အတွက် ကားရှားပြီး ဝယ်စျေးလည်း များသွားမှာ ဖြစ်ပါတယ်၊ နောက်ပြီး CIF တန်ဖိုး မရှိတော့ဘဲ Invoice အတိုင်း ပေးဆောင်ရမှာဖြစ်လို့ ဝယ်ယူရတဲ့စျေးအပေါ်မှာ ပေးဆောင်ရမယ့် အခွန်တွေကလည်း များသွားမှာဖြစ်တဲ့အတွက် ကားစျေးက မြင့်တက်သွားဖို့ပဲရှိပါတယ်၊ အသစ်တင်သွင်းမယ့် ကားတွေရဲ့ တန်ဖိုးကမြင့်သွားမှာဖြစ်သလို ရောက်ရှိပြီးသား ဂျပန်ညာမောင်းကားတွေရဲ့စျေးလည်း မြင့်တက် သွားမှာ ဖြစ်ပါတယ်၊ လူစီးကားတွေကတော့ ဒီမှာ ထုတ်လုပ်၊ ရောင်းချနေတဲ့ Brand New ကားတွေရှိတဲ့အတွက် ၁ဝ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်းလောက်ပဲ မြင့်တက်သွားဖို့ရှိပါတယ်၊ ဒါပေမဲ့ လုပ်ငန်းသုံးကားတွေ ဖြစ်တဲ့ ထရပ်နဲ့ဘတ်စ်တွေကတော့ ၂ဝ၁၄ မိုဒယ်ကနေ စပြီးတင် သွင်းရမှာဖြစ်တဲ့အတွက် အပြောင်းအလဲ ပိုကြီးမားသွားပါတယ်၊ အခုအချိန်မှာ ရသလောက်အခွင့်အရေးနဲ့ နှစ်မကုန်ခင်အထိ ဂျပန်ကားတွေကို စလစ်ကပ်ပြီးတင်သွင်းမယ်ဆိုရင် ဆုံးရှုံးမှုတွေရှိလာနိုင်ပါတယ်၊ စလစ်စျေးတွေ မြင့်တက်နေသလို ဂျပန်မှာလည်း လေလံစျေးတွေမြင့်တက်နေတဲ့အတွက် ဒီအချိန်မှာ ကားတင်သွင်းမယ်ဆိုရင် သတိထားသင့်ပါတယ်၊ Brand New ကားတွေလည်းရှိနေတဲ့အတွက် ကားတင်သွင်းမယ်ဆိုရင်စျေးအနေအထား ကိုချိန်ပြီးမှ တင်သွင်း သင့်ပါတယ်၊ နှစ်မကုန်ခင်အထိ စလစ်စျေးကမြင့်တက်နေဦးမှာဖြစ်ပြီး လာမယ့်နှစ်ကျရင်တော့ ဘယ်မောင်းပဲ တင်သွင်းရမှာ ဖြစ်လို့ ပြန်ကျသွားမှာပါ”ဟု ‘စွယ်တော်ရွက် ကားအရောင်းစင်တာ’မန်နေဂျင်းဒါရိုက်တာ ကိုမျိုးဇင်ဝင်းက ဆိုသည်။

 

လက်ရှိအချိန်တွင် နံပါတ်ထွက်ပြီးသား ညာမောင်းကားများကို အရောင်းစင်တာများနှင့် ဝယ်/ရောင်းများက လိုက်ဝယ်နေကြသဖြင့် စျေးများ မြင့်တက်နေသည်။ ကားစျေးများ မြင့်တက်သွားသလို နှစ်မကုန်မီ ညာမောင်းကားများကို ကြိုတင်တင်သွင်းခြင်းကြောင့်လည်း စလစ်စျေးမှာ ကျပ်သိန်း ၁၃ဝ အထိ မြင့်တက်သွားခဲ့သည်။

 

”မူဝါဒထွက်ပြီးနောက်ပိုင်းမှာ အရောင်းစင်တာတွေနဲ့ ဝယ်/ရောင်းတွေက နံပါတ်ထွက်ပြီးသားကားတွေကို ဝယ်သိမ်းနေကြတဲ့အတွက် စျေးတွေ မြင့်တက်သွားတယ်၊ လာမယ့်နှစ်မှာ ကားစျေးက အမျိုးအစားနဲ့ ဒီမှာ တင်သွင်းရောင်းချနေတဲ့ Brand New ကားတွေအပေါ်မှာမူတည်ပြီး အထိုက်အလျောက် စျေးတွေ မြင့်တက်သွားမှာ ဖြစ်ပါတယ်၊ ဥပမာ ၁၃ဝဝ စီစီ ကားတွေထဲက Axio ၊ Fit တို့ဆိုရင် မြန်မာပြည်မှာ ထုတ်လုပ်ရောင်းချနေ တဲ့ Suzuki ၊ Nissan Sunny တို့ကိုကျော်ပြီးတော့ ရောင်းလို့မရဘူး၊ SUV ထဲမှာဆိုရင်လည်း Harrier ၊ Vanguard ၊ Kluger တို့ စျေးမြင့်တက်မှာမှန်ပေမဲ့ Brand New ကားတွေဖြစ်တဲ့ Ford Everst ၊ Mazda CX5 တို့ရဲ့စျေးကိုကျော်ပြီး ရောင်းလို့ရမှာမဟုတ်ပါဘူး၊ ကားစျေးတွေ မြင့်တက်သွားမှာ ဖြစ်ပေမဲ့ လူတွေစိုးရိမ်သလောက်တော့ မြင့်တက်မှာ မဟုတ်ပါဘူး၊ အခုရောင်းနေတဲ့ Crown ၊ Kluger ၊ Alphard ၊ Harrier စတဲ့ ကားတွေကလည်း ၂ဝဝ၂၊ ၂ဝဝ၃၊ ၂ဝဝ၄ မိုဒယ်တွေ များတဲ့အတွက် ရောက်ရှိခုနှစ်နဲ့ တွက်ကြည့်ရင် ထုတ်လုပ်သက်တမ်းက ၁၅ နှစ်အထက် ကားတွေဖြစ်နေတယ်၊ ဒါကြောင့် ဒီကားတွေကို သိန်းငါးရာ၊ သိန်းခြောက် ရာ ပေးစီးမလား၊ Brand New ကားကို ဝယ်စီးမလားဆိုတာ သုံးစွဲသူက စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်၊ စလစ်စျေးကလည်း လက်ကျန်ကာလမှာ လိုအပ်ချက်များနေတဲ့အတွက် အတက်ကြမ်းမယ်လို့ ထင်ပါတယ်၊ လာမယ့်နှစ်ရောက်ရင်တော့ သိန်းတစ်ရာအောက် ပြန်ဆင်းသွားမယ်လို့ ထင်ပါတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

 

လက်ရှိအခြေအနေအရ ကားစျေးကွက်သည် တဖြည်းဖြည်း စျေးမြင့်တက်နေဦးမည်ဖြစ်ပြီး Brand New ကားသစ်များ အသုံးပြုမှုများလာပြီး တစ်ပတ်ရစ်ကားအဖြစ် စျေးကွက်အတွင်းဝင်ရောက်လာမှသာ ကားစျေးများ ရပ်တန့်သွားမည်ဖြစ်သည်။ ထို့ပြင် လာမည့်နှစ်မှစ၍ CIF တန်ဖိုး မထုတ်ပြန်တော့ဘဲ Invoice အတိုင်း အခွန်စည်းကြပ်မည်ဖြစ်ရာ ဘယ်မောင်းကားများ တင်သွင်းရာတွင်လည်း အခွန်ကောက်ခံမှုအခြေအနေကို စောင့်ကြည့်ပြီး အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

 

”ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၈ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒကြောင့် ကားတင်သွင်းရတာ ခက်ခဲသွားပါတယ်၊ ကိုရီယား၊ တရုတ်ဘယ်မောင်းကား တွေရှိပေမဲ့ စျေးကွက်အကြိုက် ဂျပန်ညာမောင်းကားတွေ တင်သွင်းလို့ မရတော့တဲ့အတွက် ကားတင်သွင်းရောင်းချဖို့ကို အသစ်ကနေ ပြန်စပြီး စဉ်းစားရတော့မှာပါ၊ နောက်ပြီး လာမယ့်နှစ်မှာ CIF တန်ဖိုးအစား Invoice ကောက်ခံမှာဖြစ်တဲ့အတွက်လည်း စျေးကွက်အခြေအနေကို စောင့်ကြည့်ရဦးမှာပါ၊ မူဝါဒအသစ်ရဲ့ သက်ရောက်မှုအရ လာမယ့်နှစ်မှာ ကားစျေးက တအိအိနဲ့ မြင့်တက်သွားမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဟိုအရင်ခေတ်ကလိုမျိုး ကားတစ်စီးကို သိန်းထောင်ကျော်အထိတော့ မြင့်တက်သွားမှာ မဟုတ်ပါဘူး၊ ဒီမှာတပ်ဆင်ထုတ်လုပ်နေတဲ့ Brand New ကားတွေကို သိန်းသုံးရာအောက်နဲ့ ဝယ်လို့ရနေတဲ့အတွက် တချို့ကားတွေက ဒီကားတွေရဲ့စျေးကိုကျော်ပြီး ရောင်းလို့ရမှာ မဟုတ်ပါဘူး၊ နောက်ပိုင်းမှာ မြညေိ နြတ ကား စီးမယ့်သူနဲ့ ဂျပန်ညာမောင်းကားဟောင်း စီးမယ့်သူ ဆိုပြီး နှစ်ပိုင်းကွဲသွားမှာဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုကျော်မင်းထွန်းက ဆိုသည်။

 

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များမထုတ်ပြန်မီက နှစ်နှစ်ဆယ်စလစ်စျေးသည် ကျပ် ၁၂၃ သိန်းဝန်းကျင်သာရှိခဲ့သော်လည်း မူဝါဒထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ကျပ် ၁၃၂ သိန်းအထိမြင့်တက်သွားခဲ့သည်။ ကားတင်သွင်းမှု များလာနိုင် ခြင်းနှင့် အပ်ကားရှားပါးမှုတို့ကြောင့် စလစ်စျေးသည် နှစ်မကုန်မီအချိန်အတွင်း ကျပ်သိန်း ၁၄ဝ အထိ မြင့်တက်သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here