၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည် တင်ယာဉ်များ အပ်နှံရန်အတွက် အစီးလေးရာကျော် စာရင်းပေးသွင်းထားပြီး CNG အပ်နှံခြင်းကို စတင် လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ၁၉၉၅ မိုဒယ်နှင့်အောက် CNG အသုံးပြု ခရီးသည်တင်ယာဉ်များကို အပ်နှံခွင့်ပေးခဲ့ပြီးနောက် ယခုလ အတွင်း ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ်များကိုပါ အပ်နှံခွင့်ပေးမည် ဖြစ်ရာ စာရင်းပေးသွင်းထားသည့် ယာဉ်အစီးရေ လေးရာကျော် ရှိကြောင်း သိရသည်။
” YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ၁၉၉၆ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်အတွင်း ကားတွေကို အပ်နှံခွင့်ပေးမှာဖြစ်ပြီး အစီးလေးရာကျော် စာရင်းပေးသွင်းထားပါတယ်၊ အပ်နှံမယ့်ကားတွေနေရာမှာ ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲမှာဖြစ်ပြီး အခုအချိန်မှာ စာရင်းပေးသွင်းခြင်းနဲ့ CNG အပ်နှံတာတွေ ဆောင်ရွက်ပေးနေပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။
၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ်များ အပ်နှံခွင့်မပေးမီ ၁၉၉၅ မိုဒယ်နှင့်အောက် ယာဉ်များကို အပ်နှံခွင့်ပြုခဲ့ရာ စက်တင်ဘာ လကုန်အထိ City Bus ၁,၂၃၈ စီး၊ Mini Bus ၂၅၇ စီး၊ BM ၃၉၇ စီး၊ Dyna ၁,၂၃၁ စီး၊ Pick-up ၂၅ စီးနှင့် Light Truck ၂၃ စီးတို့ကို အပ်နှံခွင့်ပေးခဲ့ပြီး လူစီးစလစ်ထုတ်ပေးခဲ့ကြောင်း၊ ၁၉၉၅ မိုဒယ်နှင့်အောက် ကားများထဲတွင် အစီးရေ ၃,၁၇၁ စီး အပ်နှံခဲ့ပြီးဖြစ်ရာ နောက်ထပ်အပ်နှံရန် အစီးနှစ်ရာကျော်သာ ကျန်ရှိတော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကြည်ပြာ၊ ရဲထွန်းကျော်