ရန်ကုန်၊ ဖေဖော်ဝါရီ
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ၁၉၉၈ မိုဒယ်နှင့်အောက် YBS ဘတ်စ်များကို နောက်ဆုံးရက် သတ်မှတ်ပြီး ယာဉ်လိုင်းအတွင်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YBS ယာဉ်လိုင်းများထဲမှ ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ်များကို အို/ဟောင်းအပ်နှံပြီး လူစီးစလစ်ထုတ်ယူရန် ခွင့်ပြုထားပြီးဖြစ်သော်လည်း ယာဉ်လိုင်းများအတွင်း မောင်းနှင်နေကြဆဲ ဖြစ်သည့်အတွက် အဆိုပါ ယာဉ်များကို နောက်ဆုံးပြေးဆွဲခွင့် ရက်သတ်မှတ်၍ ထုတ်ပယ်မည်ဖြစ်ကြောင်း သိရသည်။
” YBS စနစ်ကောင်းဖို့အတွက် ပြေးဆွဲနေတဲ့ကားတွေက ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ကြံ့ခိုင်မှုမရှိတဲ့ကားတွေကို ယာဉ်လိုင်းထဲကနေထုတ်ပယ်မှာပါ၊ ၁၉၉၈ မိုဒယ်နဲ့အောက်ကားတွေက အပ်နှံခွင့် ပေးထားတာကြာနေပေမဲ့ နောက်ဆုံးရက် မသတ်မှတ်တော့ ကားတော်တော်များများက ယာဉ်လိုင်းထဲမှာ ပြေးဆွဲနေကြတာတွေရှိတဲ့ အတွက် နောက်ဆုံးရက် သတ်မှတ်ပြီး ထုတ်ပယ်မှာဖြစ်ပါတယ်”ဟု YRTA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
YBS စနစ် ပြောင်းလဲပြေးဆွဲချိန်မှစ၍ ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသော ဟောင်းနွမ်းနေသည့်ယာဉ်များကို မိုဒယ်အလိုက် သတ်မှတ်ပြီး အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အို/ဟောင်းအပ်နှံခွင့်ပြုရာတွင် ၁၉၉၅ မိုဒယ်နှင့်အောက် CNG အသုံးပြုခရီးသည်တင်ယာဉ် ၃,၃၈၆ စီးကို စတင်အပ်နှံခွင့်ပြုခဲ့ပြီး ထပ်မံ၍ ၁၉၉၈ မိုဒယ်နှင့်အောက်ယာဉ် ၃၆၅ စီးကိုလည်း အပ်နှံခွင့်ပြုခဲ့ရာ ၃,၇၅၁ စီး အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူခဲ့ကြောင်း သိရသည်။
ကြည်ပြာ