၁၉၉၈  မိုဒယ်နှင့်အောက်  ခရီးသည်တင်ယာဉ်များ   အို/ဟောင်းလဲလှယ်ခွင့်   နှစ်ပတ်အတွင်း   ခွင့်ပြုပေးမည်

915

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ ၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင် ယာဉ်များ အို/ဟောင်းလဲလှယ်ခွင့်ကို နှစ်ပတ်အတွင်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS ယာဉ်လိုင်းများအ တွင်း ပြေးဆွဲနေသည့် ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ်များ အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူခြင်းကို ယခုလမကုန်မီ ခွင့်ပြုပေးမည်ဖြစ်ပြီး အပ်နှံခွင့်တင်ပြထားသည့်ယာဉ် အစီးလေးရာဝန်းကျင်ရှိကြောင်းလည်း သိရသည်။

 

”၁၉၉၈ မိုဒယ်နဲ့အောက် ဘတ်စ်တွေကို အို/ဟောင်း အပ်ခွင့်ပြုဖို့ဆောင်ရွက်နေပါပြီ၊ ၁၉၉၆ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်ကြား ဘတ်စ်တွေကို ခွင့်ပြုဖို့ စိစစ်တဲ့အခါမှာ မိုဒယ်မှားတာတွေ ရှိနေတဲ့အတွက် ပြန်စစ်ဆေးရလို့ ကြန့်ကြာ နေတာပါ၊ အခုအချိန်မှာ စစ်ဆေးတာတွေ ပြီးသလောက် ရှိနေပါပြီ၊ နေပြည်တော် ကညနကိုတင်ပြီးတာနဲ့ အပ်နှံခွင့်ပြုမှာပါ၊ ဒါကြောင့် နှစ်ပတ်အတွင်းမှာ အပ်နှံခွင့်ရမှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

 

၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ်များ အို/ဟောင်း အပ်နှံခွင့်ပြုရန်အတွက် တင်ပြထားသည့် ယာဉ်များကို GPS ၊ CNG အပ်နှံခြင်းနှင့် မိုဒယ်နံပါတ်စစ်ဆေးခြင်းများ ဆောက်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 

YBS ခရီးသည်တင် ယာဉ် လိုင်းများတွင် ပြေးဆွဲနေသည့် ယာဉ်အို/ဟောင်းများ နေရာ၌ ယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲရန် ၁၉၉၅ မိုဒယ်နှင့်အောက် ဘတ်စ်ကား အစီးသုံးထောင်ကျော် အပ်နှံခွင့်ပြုထားပြီး ယခုထပ်မံ၍ ၁၉၉၈ မိုဒယ်အထိတိုးမြင့်ပြီး အစီးလေးရာဝန်းကျင် ထပ်မံအပ်နှံခွင့် ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here