ရန်ကုန်၊ မတ်
၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ ကားများကို အထူးကုန်စည်ခွန် ၁ဝ ရာ ခိုင်နှုန်း လျှော့ချကောက်ခံမည်ဖြစ်သော်လည်း ဝင်ငွေခွန်နှုန်းထားများကိုမူ လက်ရှိ ဘတ်ဂျက်နှစ်အတိုင်း ဆက်လက်ကောက်ခံမည်ဟု ပြည်ထောင်စုလွှတ်တော် အတည်ပြုကြေညာချက်အရ သိရသည်။
Double Cab 4 Doors Pick-Up များမှလွဲပြီး ဗန်ကားများ ဆလွန်းဆီဒန်၊ ဝက်ဂန်၊ Coupe စသည့် လူစီးကားများကို အထူး ကုန်စည်ခွန်များ ကောက်ခံနေရာ လက်ရှိ ဘတ်ဂျက်နှစ်တွင် အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ ကား များကို အထူးကုန်စည်ခွန် ၂ဝ ရာ ခိုင်နှုန်း ကောက်ခံနေသော်လည်း လာမည့် ဘတ်ဂျက်နှစ်မှစ၍ ၁ဝ ရာ ခိုင်နှုန်းသာ ပြောင်းလဲကောက်ခံမည်ဖြစ်သည်။ သို့သော် အိမ်၊ ခြံ၊ မြေနှင့် ကားဝယ်ယူရာတွင် အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေခွန်အပေါ်၌ ယခု ဘတ်ဂျက်နှစ် အတိုင်း ကောက်ခံရန် အတည်ပြုခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် ကြေညာခဲ့သည့် ပုဒ်မ ၂၅ ပါ အချက်ကို စီးပွားရေးလုပ်ငန်းရှင်အများစုက ကြိုဆိုထောက်ခံခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့၍ ဝင်ငွေခွန်ပေးဆောင်ရမည့် နှုန်းထားများ ကို ယခု ဘတ်ဂျက်နှစ်အတိုင်းသာ ဆက်လက်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် အတည် ပြုခဲ့သည်။
သို့ဖြစ်၍ လာမည့် ဘတ်ဂျက်နှစ်တွင်လည်း မော်တော်ယာဉ်ဝယ်ယူ မှုအပေါ်၌ စည်းကြပ်မှုလွတ်ကင်းနေ သည့်ငွေကို ဝင်ငွေခွန်ကောက်ခံရာတွင် ကျပ်သိန်းသုံးရာအောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃ဝ၁ သိန်းမှ ကျပ်သိန်းတစ်ထောင်အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင် အထက်ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး အထူးကုန်စည်ခွန်အဖြစ် အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၁ဝ ရာ ခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီ အထိကို ၃ဝ ရာခိုင်နှုန်းနှင့် ၄ဝဝဝ စီစီအထက်ကို ၅ဝ ရာခိုင်နှုန်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။
ဆန်းသစ်အောင်