၁၄ ပေမြင့်သည့် နှစ်ထပ်ဘတ်စ်ကားတစ်စီး ဆေးရုံမိုးပျံလျှောက်လမ်းနှင့် မလွတ်ဘဲ ဝင်တိုက်မိရာမှ ကားအမိုး ပြုတ်ထွက်ခဲ့

581

နှစ်ထပ်ဘတ်စ်ကားတစ်စီးသည် စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် မြို့အနောက်ပိုင်း အထွေထွေရောဂါကု ဆေးရုံကြီးလမ်းအတိုင်း မှားယွင်းမောင်းနှင်မိစဉ် ကားအမိုးနှင့် မိုးပျံလျှောက်လမ်း မလွတ်ဘဲဝင်တိုက်မိခဲ့ရာ လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားအမိုးပြုတ်ထွက်ခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အမြင့် ၁၄ ပေရှိ ယင်း ဘတ်စ်ကားသည်  စက်တင်ဘာ ၁၇ ရက်က အီဒင်ဘာ့ဂ်ဆေးရုံ ပင်မလမ်းမတစ်လျှောက် လမ်းကြောင်းမှားဝင်ကာ မီတာ တစ်ရာကျော် မောင်းနှင်လာပြီး လူနာဆောင် အမှတ် ၁ နှင့် ကင်ဆာဌာနအကြားရှိ ကင်းလွတ်အမြင့် ၁၂ ပေဟု ရေးသားထားသော မိုးပျံလျှောက် လမ်းနှင့်မလွတ်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် ဘတ်စ်ကား ခေါင်မိုးတစ်ခုလုံး ပြုတ်ထွက်သွားခဲ့ပြီး ကားအပေါ်ထပ်ရှိ ထိုင်ခုံများ၊ လက်တန်းများနှင့် ကားပြတင်းမှန်များ ကွဲကြေပျက်စီးကုန်သည်။ ဘတ်စ်ကားမှ လွင့်စဉ်ကျသည့်အပိုင်းအစများ လမ်းမပေါ်ပြန့်ကြဲကုန်ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ယာဉ်မောင်းမှာ ငယ်ရွယ်ပုံရပြီး စိတ်မကောင်းဖြစ်နေပုံပေါ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

 

အခင်းဖြစ်ပွားရာ ဆေးရုံကြီးသို့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အရေးပေါ်လူနာတင်ယာဉ်များ ရောက်ရှိလာပြီး ဒဏ်ရာရရှိ သူများကို အရေးပေါ်ကုသမှုပေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းရှစ်ဦးရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here