၁၃ဝဝ စီစီကားများအရောင်းအဝယ်ဖြစ်လာခြင်းနှင့်အတူပြန်လည်လှုပ်ခတ်လာသည့်ရန်ကုန်ကားစျေးကွက်

1163

ကိုရဲ

အခွန်ကောက်ဥပဒေအပြောင်းအလဲနှင့်ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့်ဧပြီလမတိုင်ခင်ကတည်းက အေးစက်ခဲ့သည့်ကားစျေးကွက်သည် ကျောင်းဖွင့်ရာသီနီးကပ်လာသည့်အတွက် အရောင်းအဝယ်ပြန်လည်လှုပ်ခက်လာပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားများနှင့် နယ်လိုင်စင် ၁၃ဝဝ စီစီ ကားများအရောင်းအဝယ်ပြန်ဖြစ်လာသည်။ယခုရက်ပိုင်းအတွင်း စျေးကွက်ပြန်လည်လှုပ်ခတ်လာသည်ဟုဆိုသော်လည်း ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည့် မူဝါဒကြောင့် တင်သွင်းရမည့်ကားရှားပါးသွားခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့်ပေါ်လစီကို စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေမှုများကြောင့် ယခင်နှစ် အရောင်းအဝယ်ကို မမှီသေးကြောင်း ကားတင်သွင်းသူများကဆိုသည်။

”ကျောင်းဖွင့်ရာသီနီးလာပြီဆိုတော့ အဝယ်တွေပြန်လိုက်လာတယ်၊ ၁၃ဝဝ စီစီကားတွေပိုပြီးအရောင်းအဝယ်ဖြစ်ပါတယ်၊စတိနံပါတ်ကားထက်နံပါတ်ထွက်ပြီးသားကားတွေကို ပိုပြီးအဝယ်လိုက်တယ်၊နံပါတ်ထွက်ပြီးသား ကား ၃ စီးလောက်ရောင်းရမှ စတိနံပါတ်ကားတစ်စီးလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်၊စတိနံပါတ်ကားတွေထဲမှာတောင် သိန်း ၅ဝဝ ဝန်းကျင်ကားတွေကိုအမေးမရှိသလောက်ပဲ၊ အရောင်းအဝယ်ပြန်ဖြစ်လာတယ်ဆိုပေမယ့် အရင်နှစ်တွေကလောက်တော့မကောင်းပါဘူး၊နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေး ကောက်ခံမယ်ဆိုတဲ့သတင်းတွေနဲ့ ရန်ကုန်လိုင်စင်ပြန်ချပေးမယ့်အချိန်ကို စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ် ကထင်သလောက်မကောင်းသေးပါဘူး၊တကယ်လိုအပ်တဲ့သူတွေကတော့ လက်ရှိပေါက်စျေးပေးပြီးဝယ်ကြပါတယ်၊မြို့ဝင်ကြေးကောက်မယ်ဆိုရင် ကောက်ခံတဲ့စျေးအပေါ်မှာမူတည်ပြီးတော့ နယ်လိုင်စင်ကားစျေးကွက်က အပြောင်းအလဲဖြစ်သွားမှာပါ၊နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးသတ်မှတ်တာများရင်တော့  ရန်ကုန်လိုင်စင်ကားတွေ စင်ပေါ်ရောက်သွားမှာဖြစ်ပါတယ်၊ဒီလိုဖြစ်လာရင် နယ်လိုင်စင်ကားတွေကိုနယ်မှာနေတဲ့သူတွေလောက်ပဲ ဝယ်စီးတော့မှာပါ၊ရန်ကုန်မှာနေပြီး နယ်လိုင်စင်ကားစီးတဲ့သူအရေအတွက်ကတော့ တဖြည်းဖြည်းနဲ့နည်းသွားမှာပါ၊YVQC စနစ် ဖော်ဆောင်ရင်တော့ မြို့ဝင်ကြေးကောက်ခံဖို့သေချာနေပါတယ်၊ရန်ကုန်လိုင်စင်ကားတွေကို ဘီးအခွန်တစ်သိန်းကျော်ကောက်ခံနေပြီး နယ်လိုင်စင်ကားတွေကိုတော့မြို့ဝင်ကြေးမကောက်ခံဘူးဆိုရင်  မမျှတဘူးလို့ထင်ပါတယ်”ဟုကားဝယ်ရောင်း ကိုချမ်းငြိမ်းဦးက ဆိုသည်။

၂ဝ၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်ဆိုင်ရာမိုဒယ်သက်မှတ်ချက်တွင် ဘယ်မောင်းကားများကိုသာတင်သွင်းရမည်ဖြစ်သည့်အတွက် ကားအသစ်များတင်သွင်းရန် ခက်ခဲသွား၍ရောက်ရှိပြီးသားကားများကိုအမြတ်နည်းနည်းဖြင့် မရောင်းချတော့ပဲစျေးများထိန်းပြီးရောင်းချနေကြောင်းသိရသည်။တင်သွင်းရန်ကားရှားပါးနေချိန်တွင် ကားဟောင်းစျေးကွက်မှာ ဆက်ပြီးဦးဆောင်နေသည်။ကားသစ်များတင်သွင်းရန် ခက်ခဲနေသည့်အတွက်လည်းကားဝယ်ရောင်းများသာမကကားအရောင်းစင်တာများပါ စျေးကွက်အတွင်းရှိ ရောက်ရှိပြီးသားကားများကို ရှာဖွေဝယ်ယူကာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ကားအရောင်းစင်တာ အများစုမှာနံပါတ်ထွက်ပြီး Crown ၊ Mark X ၊ Mark II ၊ Premio ၊ RAV-4 ၊ Kluger စသည့်လိုင်းပေါ်ရှိကားများကို အဓိကထားပြီးဝယ်ယူနေကြသည်။

”စျေးကွက်ကပုံမှန်အတိုင်းသွားနေပေမယ့် နံပါတ်ထွက်ပြီးသားကားတွေပဲ အရောင်းအဝယ်ဖြစ်ပြီး နံပါတ်သစ်ကားတွေကတော့ အရောင်းအဝယ်ဖြစ်ဖို့ခက်ပါတယ်။၁၃ဝဝ စီစီ နံပါတ်သစ်ကားတွေကတော့ နယ်အဝယ်တွေဆင်းလာရင် ရောင်းရပါတယ်။အရောင်းအဝယ်အေးတယ်ဆိုပေမယ့် သိန်း ၂ဝဝ နဲ့ သိန်း ၄ဝဝ ကြားကားတွေကတော့ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်ပါတယ်။စတိနံပါတ်ကားနဲ့ အမြင့်ကားတွေကတော့ အရောင်းအဝယ်ဆက်ပြီးအေးနေတယ်၊စလစ်ကားတွေထဲမှာ ရွှေငါး၊ Crown ၊ Kluger စတဲ့ကားတွေအရောင်းအဝယ်ပြန်ဖြစ်လာတာကိုတွေ့ရတယ်၊အသစ်တင်သွင်းဖို့ကားရှားသွားသလိုတင်းသွင်းပြီးရင်လည်းစျေးများတဲ့အတွက် အဝယ်နည်းပြီး အရောင်းအဝယ်ပြုလုပ်ရတာခက်သွားလို့ ဂျပန်ညာမောင်းကားစျေးကွက်ပဲ ဆက်ပြီးကောင်းနေဦးမှာပါ ”ဟုကားဝယ်ရောင်းကိုနိုင်လင်းကဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ယခင်စျေးကွက်မတည်ငြိမ်စဉ်က အက္ခရာအနိမ့်ကားဟောင်းများကိုသာ အရောင်းအဝယ်ပြုလုပ်နေခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း စတိနံပါတ်ကားများပါ အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရသည်။၁၃ဝဝ စီစီစတိနံပါတ်ကားများအရောင်းအဝယ်ပြန်ဖြစ်လာသည့်အတွက်လည်း စလစ်စျေးကွက် လှုပ်ခတ်လာခဲ့ပြီး သက်တမ်းနှစ် ၂ဝ ရန်ကုန်စလစ်တစ်စောင်သည် ၁၂၆ သိန်းဝန်းကျင်ပေါက်စျေးရှိကြောင်းသိရသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here