၀န်ထမ်းပါမစ်ဖြင့် တင်သွင်းသည့်ကားများကို ကနဦးမှတ်ပုံတင်ကြေး လျှော့ချကောက်ခံမည်

323

 

ရန်ကုန်၊ ဒီဇင်ဘာ ၈

ဝန်ထမ်းပါမစ်ဖြင့် တင်သွင်းသည့်ကားများကို ကနဦးမှတ်ပုံတင်ကြေး လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများထဲမှ ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ(သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပင်စင်ခံစားနေသော ဝန်ထမ်းများ အပါ)ကို အရာရှိအဆင့်အလိုက် မော်တော်ယာဉ်တင်သွင်းခွင့်၊ ပြည်တွင်းထုတ် SKD ကားများ ဝယ်ယူခွင့်၊ သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့် စသဖြင့် ခွင့်ပြုမည်ဖြစ်သည်။

ဝန်ထမ်းပါမစ်ဖြင့် မော်တော်ယာဉ် တင်သွင်းမည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပေးမည်ဖြစ်သလို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း အင်ဂျင်ပါဝါအပေါ်မူတည်ပြီး ဖြေလျှော့ကောက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းကောင်းတံဆိပ် ရရှိထားတဲ့သူတွေကမှ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေထဲမှာ နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ပါမစ်ရရှိသူကို ကနဦးမှတ်ပုံတင်ကြေး ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်၊ အင်ဂျင်ပါဝါအပေါ်မူတည်ပြီး ၁၃၅၀ စီစီနဲ့အောက်ကို ကင်းလွတ်ခွင့်ပေးထားပြီး ၁၃၅၁ စီစီကနေ ၂၀၀၀ စီစီအထိကို ၅ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီကနေ ၅၀၀၀ စီစီအထိကို ၁၀ ရာခိုင်နှုန်း၊ ၅၀၀၁ စီစီနှင့်အထက်ကို ၁၅ ရာခိုင်နှုန်းနဲ့ ကောက်ခံမှာ ဖြစ်ပါတယ်၊ ဝန်ထမ်းမဟုတ်တဲ့သူတွေအတွက်ကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Covid-19 ရောဂါအခြေအနေကြောင့် စီးပွားရေးတွေ ကျဆင်းနေချိန်မှာ ကုစားတဲ့အနေနဲ့ ကနဦးမှတ်ပုံတင်ကြေးတွေကို ထက်ဝက်လျှော့ပြီး လက်ရှိမှာ ဆက်လက်ကောက်ခံပေးနေပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမြဲတမ်း အတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များကို ၃၅ဝဝ စီစီနှင့်အောက် ကျပ်သိန်း ၅ဝဝ နှင့် ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွန်ကြားရေးမှူးချုပ်များကို ၂၅ဝဝ စီစီနှင့် အောက် ကျပ်သိန်း ၃ဝဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ညွန်ကြားရေးမှူးများကို ၂ဝဝဝ စီစီနှင့်အောက် ကျပ်သိန်း ၃ဝဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွန်ကြားရေးမှူးများကို ၁၈ဝဝ စီစီနှင့်အောက် ကျပ်သိန်း ၃ဝဝ နှင့်ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွန်ကြားရေးမှူးနှင့်အောက်အဆင့်ကို SKD ကားများဝယ်ယူပါက ၁၈ဝဝ စီစီ နှင့်အောက် ကျပ်သိန်း ၃ဝဝ နှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေးနှင့် အရောင်းပြခန်းမှ မော်တော်ယာဉ်များဝယ်ယူပါက ၁၃၅ဝ စီစီနှင့် အောက် ကျပ်သိန်း ၃ဝဝ နှင့် ညီမျှ သော CIF တန်ဖိုးကားများ ဝယ်ယူခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here