Sports Car Review(2017 Kahn Vengeance Volante)

657

၁၉၉၈ ခုနှစ်မှာ Afzal Kahn စတင်တည်ထောင်ခဲ့တဲ့ ဗြိတိသျှအခြေစိုက် ကားမွမ်းမံတည်ဆောက်ရေး ကုမ္ပဏီ Kahn Design ဟာ Land Rover ထုတ်ကားမိုဒယ်တွေကို အဆင့်မြင့်တင်မွမ်းမံရာမှာ နာမည်ရခဲ့တဲ့ ကားကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Jeep ၊ Porsche နဲ့ Maybach တို့လို ကားမိုဒယ်တွေကိုပါ မွမ်းမံလာတဲ့ Kahn ဟာ ၁၉၆ဝ ပြည့်လွန်နှစ်ကာလတွေက ဂန္ထဝင်ပုံစံ ပြိုင်ကားတွေကို တည်ဆောက်ထုတ်လုပ်တဲ့ Ant-Kahn Project ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ Kahn ဟာ ၂ဝ၁၆ ခုနှစ်က Aston Martin ရဲ့ DB9 စူပါပြိုင်ကားကို အခြေခံ ဖန်တီးထားတဲ့ Vengeance WB12 ပြိုင်ကားမိုဒယ်ကို ထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ အဲဒီကားရဲ့ အမိုးဖွင့်ဗားရှင်း Vengeance Volante မိုဒယ်သစ်ကို ထပ်တိုးဖန်တီးတည်ဆောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဂျီနီဗာကားပြပွဲကြီးမှာ ထုတ်လုပ်မှုမိုဒယ်တစ်ခုအဖြစ် တရားဝင်ပွဲထုတ်ပြသခဲ့ပါတယ်။ ကားမိုဒယ်အမည်မှာ Aston Martin ထုတ် အမိုးဖွင့်ကားမိုဒယ်တွေကို ပေးလေ့ရှိတဲ့ Volante ဆိုတဲ့ အမည်ကို ထည့်သွင်းမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ Kahn Design က မွမ်းမံဖန်တီးလိုက်တဲ့ ကားတစ်စီးပီပီ လက်ရာသေသပ်ပြီး အရည်အသွေးမြင့်မားတဲ့ ၂ဝ၁၇ ခုနှစ် မိုဒယ် Kahn Vengeance Volante ပြိုင်ကားသစ်ကို လတ်တလောမှာ ညာမောင်းနှစ်စီးနဲ့ ဘယ်မောင်းတစ်စီးအပါအဝင် ကားသုံးစီးပဲ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး စုစုပေါင်းအစီးရေ နှစ်ဆယ်ထက်လည်း ပိုထုတ်မှာ မဟုတ်ပါဘူး။ မူရင်း Aston Martin B9 Vonlante ထက်တောင် စျေးပိုကြီးတဲ့ 2017 Kahn Vengeance Volante ရဲ့ စျေးကို ပေါင် ၄၈ဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၅၈၅,၃ဝဝ ဝန်းကျင်) နဲ့အထက် သတ်မှတ်ထားပါတယ်။

 

Vengeance Volante အမိုးဖွင့်ပြိုင်ကားသစ်ကို သူ့နောင်တော် Coupe ဗားရှင်းလိုပဲ Aston Martin ရဲ့ အလူမီနီယမ်နဲ့ ပေါင်းစပ် VH ပလက်ဖောင်းပေါ်မှာပဲ အခြေခံပြီး ဗြိတိသျှကားကိုယ်ထည် တည်ဆောက်ရေးနည်းပညာတွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း ရိုးရာမပျက် တည်ဆောက်ခဲ့ပါတယ်။ ကားကိုယ်ထည်က ရှင်းလင်းပေါ်လွင်လှပတဲ့ ကောက်ကြောင်းလိုင်းတွေဟာ ၂ဝ ရာစုနှောင်းပိုင်းက ဂန္ထဝင် Aston Martin ကားဒီဇိုင်းတွေအတိုင်း မှီငြမ်းဖန်တီးထားပါတယ်။ DB7 Zagato ပုံစံနဲ့ ဆင်တူတဲ့ ကားအနောက်စွန်းနဲ့ အရှေ့မျက်နှာစာက ဗြက်ကျယ်ကျယ် ရှဲလ် (Grille) တို့ အပါအဝင် ကားကိုယ်ထည်ဒီဇိုင်းအပြင်အဆင် အတော်များများဟာ သူ့နောင်တော်နဲ့ ခပ်ဆင်ဆင်တူ ပါတယ်။ ဒါပေမဲ့ ရိုးရိုး DB9 ကားမိုဒယ်ထက် သိသိသာသာ ဗြက်ပိုကျယ်တဲ့ ကားကိုယ်ထည်ရဲ့ အရှေ့ရော အနောက်ဘက်မှာပါ ထင်ရှားသိသာတဲ့ အပြောင်းအလဲ တွေ ရှိပါတယ်။ ကားရှေ့မျက်နှာစာမှာ ဗြက်ကျယ်ကျယ် ရှဲလ်(Grille)နဲ့ ဒီဇိုင်းမွမ်းမံထားတဲ့ ဘေးဘက် လေစုပ်ပေါက်တွေရှိတဲ့ ကားဘမ်ပါပုံစံသစ်ပါဝင်ပြီး ကားအနောက်ဘက်ပိုင်းမှာတော့ ကာဗွန်ဖိုင်ဘာသားနဲ့ ပြုလုပ်ထားတဲ့ Rear Diffuser ၊ နောက်ဖုံးစွန်း လေပင့်အားထိန်းတောင်ပံနဲ့ ၁၉၆ဝ ပြည့်လွန်နှစ်ကာလ ဝန်းကျင်က ခေတ်ဟောင်းဂန္ထဝင်ပြိုင်ကားတွေမှာ တွေ့ မြင်ရလေ့ရှိတဲ့ ကားနောက်မီးဝိုင်းတွေကို လှလှပပ တပ်ဆင်ပေးထားပါတယ်။ ၁၉၈ဝ နဲ့ ၁၉၉ဝ ပြည့်လွန် နှစ်ဝန်းကျင်က Aston Martin ပြိုင်ကားတွေရဲ့ ဒီဇိုင်း ပုံစံကို မှီငြမ်းရယူပြီး ခေတ်ဟောင်းဟန် ဂန္ထဝင်တံခါးနှစ်ပေါက် ပြိုင်ကားမျိုးဖန်တီးလိုတဲ့ Afzal Kahn ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လိုက် တယ်လို့ဆိုရမယ့် Vengeance Volante ဟာ သူ့ နောင်တော်လို စွမ်းအားပြည့်ဝဟန်ပေါက်တဲ့ ကား ကိုယ်ထည်ပုံစံကိုပဲ ပိုင်ဆိုင်ထားပါတယ်။ ကားကိုယ်ထည်ရဲ့အလှကို ပိုပြီးပြည့်စုံသွားအောင် အရှေ့ဘက်ကို လက်မနှစ်ဆယ်နဲ့ အနောက်ဘက်ကို ၂၁ လက်မရှိတဲ့ နှစ်ရောင်စပ် အလွိုင်းဘီးတွေကို လိုက်ဖက်ညီစွာ တပ်ဆင်ပေးထားပါတယ်။ အထူးဒီဇိုင်းထွင်ထားတဲ့ Crosshair ဒီဇိုင်း ကားအိပ်ဇောစနစ်၊ ကားနောက်မီးနဲ့ ပေါ့ပေါ့ပါးပါး ဖန်တီးထားတဲ့ ကားဘီးဒီဇိုင်းတွေဟာ Volante ကားမိုဒယ်ကနေ အမွေဆက်ခံရရှိထားတဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေလို့ ဆိုနိုင်ပြီး ခပ်ဝပ်ဝပ် ကိုယ်ထည်ရုပ်ထွက်ဟာ ကားရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်ထည်အချိုးအစားကို ပိုပေါ်လွင်စေပါတယ်။ ဒါ့ပြင် လင်းလက်လှပတဲ့ အပြာဖျော့ဖျော့ ကိုယ်ထည် အရောင်သစ်ဟာလည်း ကားကို ပုံမှန်ထက် ပိုပြီးဆွဲ ဆောင်မှုရှိစေပါတယ်။

 

Vengeance Volante ပြိုင်ကားသစ်လေးမှာ DB9 ရဲ့ အခြေခံအင်ဂျင်လို့ဆိုရမယ့် မြင်းကောင်ရေ ၅ဝ၃ ကောင်အား 6.0 Liter V12 အင်ဂျင်ကိုပဲ တပ်ဆင်ပေးထားတာကြောင့် Coupe ဗားရှင်းနဲ့ စက်စွမ်း အင်ချင်း တူညီပါတယ်။ ကားရဲ့ အရှိန်အဟုန်ဟာ လည်း DB9 နဲ့ သိပ်မကွာခြားတာကြောင့် အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၈၃ မိုင်နှုန်းဖြစ်ပြီး ၄ဒသမ ၅ စက္ကန့်လောက်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြင့်တင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ကားအတွင်းခန်းမှာ တော့ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲသွား တာမျိုးမရှိပေမဲ့ ကားထိုင်ခုံတွေကို အနက်ရောင် Leather နဲ့ မွမ်းမံဆင်ယင်ထားပြီး ချုပ်ရိုးလိုင်းလေး တွေနဲ့ လှလှပပ ပုံဖော်ထားပါတယ်။ ဒါ့ပြင် ကားအတွင်းမှာ ခေတ်မီအဆင့်မြင့်တဲ့ နည်းပညာပစ္စည်း တွေနဲ့အတူ ဗြိတိသျှဟန် ဒီဇိုင်းလက်ရာတွေကိုလည်း တွေ့မြင်ကြရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here