ရန်ကုန်၊မေ
အုပ်စုလေးခုခွဲခြားစစ်ဆေး၍ လူစီးယာဉ်မဟုတ်သည့် Delivery Van များကို ဧပြီ ၂၇ ရက်မှစတင်ထုတ်ပေးနေပြီဖြစ်သော်လည်း ၁၁ စီးသာ လာရောက်ထုတ်ယူကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။
ပြည်ပမှ Delivery Van အဖြစ် တင်သွင်းထားသော ၄၆၄ စီးကို ဌာနလေးခုပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး၍ အုပ်စုလေးခုခွဲခြားသတ်မှတ်ခဲ့သည်။ အုပ်စုလေးခုထဲမှ (က)၊(ခ)နှင့်(ဂ) အုပ်စုတွင်ပါဝင်သည့် ၄ဝ၆ စီးကိုလုပ်ထုံးလုပ်နည်းများအတိုင်း ဒဏ်ကြေးကောက်ခံသင့်သည့်ကားများကို ကောက်ခံပြီး ဧပြီ ၂၇ ရက်မှစ၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
”ဆိပ်ကမ်းတွေမှာရှိတဲ့ Delivery Van တွေကိုကြီးကော်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့နဲ့ ယာဉ်စစ်ဆေးပြီး မူလစက်ရုံထုတ် Delivery Van ကို(က)အုပ်စု၊ စက်ရုံထုတ်ပုံစံအတိုင်းမဟုတ်ဘဲ အနည်းပြုပြင်ထားတဲ့ယာဉ်တွေကို (ခ) အုပ်စု၊လုပ်ငန်းသုံး Van ကို အချက်(၄)ချက်နဲ့ ကိုက်ညီအောင် ပြုပြင်ထားတဲ့ယာဉ်တွေကို အုပ်စု(ဂ)နဲ့လူစီးယာဉ်ကို Delivery Van အဖြစ်ပြုပြင်ထားတဲ့ ယာဉ်တွေကို(ဃ)အုပ်စုဆိုပြီး အုပ်စု လေးခုခွဲခြားထားပါတယ်။ အုပ်စု (က)နဲ့(ခ) မှာပါဝင်တဲ့ယာဉ်တွေကို ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ထုတ်ယူ ခွင့်ပေးထားပါတယ်၊ အုပ်စု(ဂ) မှာ ပါဝင်တဲ့ကားတွေကိုတော့ 1/2 AV နဲ့ထုတ်ယူခွင့်ပေးပါတယ်၊ Delivery Van တွေကို ဧပြီ ၂၇ ရက်ကစပြီး ထုတ်ယူခွင့်ပေးထားပေမဲ့ လက်ရှိမှာ လာရောက်ထုတ်ယူတဲ့ ကား ၁၁ စီးပဲရှိပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ ၂၇ ရက်မှစ၍အုပ်စု(က) တွင် ပါဝင်သည့် ၆၉ စီး၊အုပ်စု(ခ) တွင်ပါဝင်သည့် ၆ စီးနှင့်အုပ်စု(ဂ) တွင် ပါဝင်သည့် ၃၃၁ စီးကိုစစ်ဆေးထုတ်ယူခွင့်ပေးထားသလို အုပ်စု(ဃ)တွင်ပါဝင်သည့် ကား ၅၈ စီး ကိုလည်းကြီးကော်၏လမ်းညွှန်ချက်အတိုင်း မကြာခင်ထုတ်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဆန်းသစ်အောင်