ဧပြီ  ၁  ရက်မှစ၍  ၁၉၉၈  မိုဒယ်နှင့်အောက် ယာဉ်များကို YBSယာဉ်လိုင်းများတွင် ပြေးဆွဲခွင့်ပြုတော့မည် မဟုတ်

798

ရန်ကုန်၊ မတ် ၂ဝ

YBS ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ၁၉၉၈ မိုဒယ်နှင့် အောက် ယာဉ်များအားလုံးကို ဧပြီ ၁ ရက်မှစ၍ ယာဉ်လိုင်းအတွင်းမှ ထုတ်ပယ်မည် ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS စနစ်သစ်အတွက် ပြည်သူများကို ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန် ကြံ့ခိုင်မှုမရှိသည့်ယာဉ်များအား ယာဉ်လိုင်းများအတွင်းမှ စိစစ်ပယ်ထုတ်နေပြီဖြစ်ရာ ကနဦး အနေဖြင့် ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ်များအားလုံးကို ဧပြီ ၁ ရက်မှ စ၍ ယာဉ်လိုင်းများအတွင်းမှထုတ်ပယ်မည်ဖြစ်ပြီး ကြံ့ခိုင်မှုမရှိသည့် ယာဉ်များကိုလည်း ဆက်လက် ထုတ်ပယ်သွားမည် ဖြစ်ကြောင်း သိရသည်။

”ကြံ့ခိုင်မှုမရှိတဲ့ ကားတွေအကုန်လုံးကို ယာဉ်လိုင်းတွေထဲမှ ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်၊ အရင်ဆုံး ၁၉၉၈ မိုဒယ်နဲ့အောက်ကားတွေ အားလုံးကို ဧပြီ ၁ ရက်ကစပြီး ယာဉ်လိုင်းတွေထဲမှာ ပြေးဆွဲခွင့်မပြုတော့ပါဘူး” ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

၁၉၉၈ မိုဒယ်နှင့်အောက်ကားများကို အို/ဟောင်းအပ်နှံ၍ လူစီး စလစ် ထုတ်ယူခွင့်ပြုထားပြီး ဖြစ်သော်လည်း ယာဉ်လိုင်းထဲတွင် ပြေးဆွဲနေခြင်းများ ရှိနေသည့်အတွက် ဧပြီ ၁ ရက်မှစ၍ YBS ယာဉ်လိုင်းများအတွင်း ပြေးဆွဲခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် ၁၉၉၈ မိုဒယ်နှင့်အောက်ယာဉ်များ အားလုံး လူစီး စလစ်ထုတ်ယူခြင်းကို မတ် ၃၁ ရက် နောက်ဆုံးထားကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here