ရန်ကုန်၊ ဧပြီ
ဧပြီ ၁ဝ ရက်မှစပြီး Delivery Van များကို စစ်ဆေးထုတ်ပေးမည်ဖြစ်ရာ စက်ရုံထုတ်ပုံစံမဟုတ်ပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဆိပ်ကမ်းများတွင် Delivery Van အဖြစ် တင်သွင်းထားသော ကားအစီး ၂ဝဝ ကျော်ရှိပြီး ဌာန ၄ ခုပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စက်ရုံထုတ်ပုံစံ ဟုတ်၊ မဟုတ် စစ်ဆေးပြီး Original Delivery Van မဟုတ်ပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်သည်။ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ယခင် ကြီးကော်က ချမှတ်ထားသည့် အချက်လေးချက်ဖြင့် ကိုက်ညီမှုရှိအောင် ပြုပြင်တင်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည်ဖြစ်သလို Type လွဲဒဏ်ကြေးအဖြစ်လည်း 1/2AV ဒဏ်ကြေးကောက်ခံမည် ဖြစ်သည်။
”လာမယ့် ဧပြီ ၁ဝ ရက်က စပြီး ဌာနလေးခုပါတဲ့ စစ်ဆေးရေးအဖွဲ့က Delivery Van တွေကို စက်ရုံထုတ်မူလပုံစံဟုတ်၊ မဟုတ် ဆိုတာကို စစ်ဆေးမှာပါ။ Original Delivery Van မဟုတ်ခဲ့ရင် လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မှာဖြစ်သလို 1/2AV ဒဏ်ကြေးလည်း ကောက်ခံမှာ ဖြစ်ပါတယ်။ စက်ရုံထုတ်ပုံစံအတိုင်း မှန်ကန်နေရင်တော့ လုပ်ငန်းသုံးယာဉ်အတိုင်းပဲ အခွန်စည်းကြပ်မှာပါ”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ဆိပ်ကမ်းတွင် ရောက်ရှိနေသော Delivery Van များကို စီစစ်ထုတ်ပေးမည်ဖြစ်ရာ နယ်စပ်မှတင်သွင်းလာသည့် ထိုကားများကိုလည်း မူလစက်ရုံထုတ်ပုံစံ မဟုတ်ပါက လူစီးယာဉ်အတိုင်း အဆင့်ဆင့်အခွန်ပေးဆောင်ပြီးမှသာ မှတ်ပုံတင်ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်