ဦးထုပ်မဆောင်းဘဲ  ဆိုင်ကယ်စီးသည့်သားကို အိန္ဒိယယာဉ်ထိန်းရဲအရာရှိ   ဒဏ်ငွေတပ်ရိုက်အရေးယူ

713

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းရန် အမိန့်ထုတ်ပြန်ထားသော်လည်း မလိုက်နာမှုများရှိနေသဖြင့် စံပြအနေနှင့် ရဲအရာရှိတစ်ဦးက ၎င်း၏သားကို ကိုယ်တိုင်ဖမ်းဆီး ဒဏ်ငွေတပ်ရိုက် အရေးယူခဲ့ကြောင်း မတ် ၂၆ ရက်တွင် cartoq  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယတွင် ဆိုင်ကယ်စီးသူအများစုသည် ဦးထုပ်ဆောင်းရမည်ဆိုသော အမိန့်ကိုစိန်ခေါ်ကာ  ဦးထုပ်မဆောင်းဘဲ ဆက်လက်စီးနေကြဆဲဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖမ်းဆီးခြင်းခံရပါက လာဘ်ထိုးခြင်း၊ ရဲတပ်ဖွဲ့မှ ရာထူးကြီးမိတ်ဆွေ၊ သူငယ်ချင်းထံ ဆက်သွယ်ကာ မိမိအား အရေးမယူရန် အကူအညီတောင်းခြင်းတို့ ပြုလုပ်လျက်ရှိသည်။ Uttar Pradesh ပြည်နယ်၊ Saharanpur အရပ်တွင် ကင်းလှည့်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ ခေါင်းဆောင် Ram Mehar Singh သည် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလာသော ၎င်း၏သားကို တွေ့သည့်အခါ ချက်ချင်းဖမ်းဆီး၍ ရူပီးတစ်ရာ ဒဏ်ငွေတပ်ရိုက်ခဲ့သည်။ မိမိသားကို ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံရာတွင် Ram Mehar Singh က ‘ပြည်နယ်ရဲချုပ်က ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းအောင် သေချာကြီးကြပ်ဖို့ ညွှန်ကြားထားပါတယ်၊ ကျွန်တော့်သား ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးတာကို မသိချင်ယောင်ဆောင်လိုက်ရင် တခြားဥပဒေချိုးဖောက်သူတွေကို အရေးယူဖို့ ဘယ်လိုဖြစ်နိုင်တော့မှာလဲ၊ အဲဒါကြောင့် မဆိုင်းမတွ ဖမ်းပြီး ဒဏ်ရိုက်ခဲ့တာပါ၊ နောက်တစ်ခါဆိုရင် ဆိုင်ကယ်အသိမ်းခံရမယ် လို့လည်း သားကို သတိပေးခဲ့ပါတယ်”ဟု ရှင်းလင်းပြောကြားသွား သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့မိသားစု လေးရာခန့် နေထိုင်သည့်အရပ်တွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးမှု ၅၈ မှု ဖမ်းဆီးမိကာ ဒဏ်ငွေစုစုပေါင်း ရူပီး ၁ဝ,၈ဝဝ ရခဲ့ပြီး အများစုမှာ ရဲတပ်ဖွဲ့ဝင်၊ သို့မဟုတ် ရဲမိသားစုဝင်များဖြစ်ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အကြီးအကဲ Tej Pratap Singhက ဆိုသည်။

Ref : cartoq.com

LEAVE A REPLY

Please enter your comment!
Please enter your name here