ဥရောပတိုက်တွင် လျှပ်စစ်ကားအများဆုံးရောင်းချရသည့်စျေးကွက်အဖြစ် နော်ဝေနိုင်ငံက ဦးဆောင်နေခြင်းကို ဂျာမနီနိုင်ငံက ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့ကြောင်း မေ ၇ ရက်တွင် နယူးဇီလန်အခြေ စိုက် Stuff သတင်းဝက်ဘ်ဆိုက် က ဖော်ပြခဲ့သည်။
Tesla လျှပ်စစ်ကားများကို အမေရိကန်နှင့်တရုတ်ပြီးလျှင် အများဆုံးဝယ်ယူသည့် နော်ဝေက ဥရောပတိုက်၏ အကြီးဆုံး လျှပ်စစ်ကားစျေးကွက်အဖြစ် ဦးဆောင်နေမှုကို ၂ဝ၁၈ ခုနှစ် နှစ်စပိုင်း၌ ဂျာမနီက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၈ ခုနှစ် ပထမ သုံးလပိုင်းအတွင်း ဂျာမနီနိုင်ငံ၌ လျှပ်စစ်ကား ရောင်းချရမှု ၇ဝ ရာခိုင်နှုန်းမြင့်တက်ကာ စုစုပေါင်း ၁၇,၅၇၄ စီး ရောင်းချခဲ့ရကြောင်း ဥရောပ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း၏ စစ်တမ်းအရ သိရသည်။ အဆိုပါ စစ်တမ်းတွင် လျှပ်စစ်စွမ်းအင်အပြည့်သုံး Tesla Model S အပြင် BMW 2-Series Active Tourer ကဲ့သို့ Plug-in Hybrid ကားများကိုပါ ထည့်သွင်းတွက်ချက်ထားသည်။
တွင်းထွက်လောင်စာသုံး အင်ဂျင်များအပေါ် တင်းကြပ်သည့် ဥရောပတိုက်၏ စည်းမျဉ်းများအပြင် ၂ဝ၁၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော Volkswagen ၏ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်ခြင်း လိမ်လည်မှုအရှုပ်တော်ပုံတို့ကြောင့် ဂျာမန် ကားဝယ်ယူသူများသည် ဒီဇယ်ကားများကို လက်ရှောင်ကာ လျှပ်စစ်ကားများ ပိုမိုဝယ်ယူလာကြသည်။ ဂျာမနီတွင်ရောင်းချရသည့် လျှပ်စစ်ကားများမှာ ပြည်တွင်းအခြေစိုက် Volkswagen ၊ Mercedes ၊ BMW နှင့် Audi လျှပ်စစ်ကားများအပြင် Nissan Leaf နှင့် Tesla လျှပ်စစ်ကားများလည်း ပါဝင်နေသည်။ ဥရောပတိုက်တစ်ဝန်း လျှပ်စစ်ကားရောင်းချရမှုမှာ ၂ဝ၁၈ ခုနှစ် ပထမသုံးလအတွင်း ၄၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒီဇယ်ကားရောင်းအားမှာ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ Tesla ၏ ရွှေခေတ် ကုန်ဆုံးရန် နီးစပ်နေကာ လျှပ်စစ်ကားစျေးကွက်အတွင်း အပြိုင်အဆိုင်ပိုများလာတော့မည်ဟု ဖရန့်ဖွတ်မြို့မှ စျေးကွက်ကျွမ်းကျင်သူ Juargen Pieper က သုံးသပ်ထား သည်။
Ref : Stuff