Chery ကုမ္ပဏီက ဥရောပစျေးကွက်အတွက် ပထမဆုံး Exeed TX Compact SUV ကားအမျိုးအစားကို Frankfurt ကားပြပွဲ၌ စတင်မိတ်ဆက်ပြသခဲ့ကြောင်း Automotive News Europe ကားသတင်းဝက်ဘ်ဆိုက် က ရေးသားဖော်ပြခဲ့သည်။
ဥရောပနှင့် မြောက်အမေရိက အပါအဝင် အခြားဒေသများတွင် ရောင်းချမည့် TX ကားနှင့် တန်ဖိုးကြီး အနာဂတ် Chery ကားမိုဒယ်များတွင် Exeed အမည်ကိုအသုံးပြုသွားမည်ဖြစ်သည်။ ”နောက်နှစ် အနည်းငယ်အတွင်း လျှပ်စစ်စွမ်းအင်သုံးကားအမျိုးမျိုးကို ဥရောပစျေးကွက်တွေထဲ စတင်ရောင်းချနိုင်ဖို့အတွက် ကျွန်တော်တို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်” ဟု Chery အမှုဆောင်အရာရှိချုပ် Anning Chen က ပြောသည်။ TX ကားကို ဟိုက်ဘရစ်၊ Plug-in ဟိုက်ဘရစ်နှင့် လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးဟူ၍ သုံးမျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး စျေးကွက်ထဲတွင် မြင်းကောင်ရေ ၁၁ဝ အား၊ ၁ ဒသမ ၅ လီတာ ဓာတ်ဆီအင်ဂျင် နှင့် ၈၅ ကီလိုဝပ် လျှပ်စစ်မိုတာတို့ တပ်ဆင်ထားသည့် All-wheel Drive Plug-in ဟိုက်ဘရစ်ကားများကို စတင်ရောင်းချသွားမည်ဖြစ်သည်။ Exeed TX ကားအမျိုးအစားသည် လျှပ်စစ်စွမ်းအင်သက်သက်ဖြင့် ကီလိုမီတာ ခုနစ်ဆယ် (၄၄ မိုင်)အထိ မောင်းနှင်နိုင်ပြီး ဆီစားနှုန်းမှာ ကီလိုမီတာ တစ်ရာအတွက် ၁ ဒသမ ၈ လီတာ (တစ်ဂါလန် ၁၃၁ မိုင်) ဖြစ်ကြောင်း၊ Euro 6 အဆင့် ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု စံချိန်စံညွှန်းနှင့်အညီ လည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။
Chery သည် ပြည်ပစျေးကွက်တွင် အရောင်းရဆုံး တရုတ်မော်တော်ကား အမှတ်တံဆိပ်ဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်ကာလတွင် ပြည်ပသို့ ကားအစီးရေ ၅၄,၃၁၇ တင်ပို့ရောင်းချခဲ့ရသည်။ ပြည်တွင်း စျေးကွက်သာမက ဥရောပနှင့် မြောက်အမေရိကသို့ပါ စျေးကွက်ချဲ့ထွင်ရန် စီစဉ်နေသည့် ပြည်တွင်းအခြေစိုက် ငွေးရေးကြေးရေး တောင့်တင်းသော ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် Chery ပါဝင်ပြီး ဥရောပတွင်လည်း ဒီဇိုင်းစတူဒီယိုတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။
Ref: Automotive News Europe