အောင်ပွဲခံပါတီသို့  ကမ္ဘာ့လက်ဝှေ့ကျော်  Floyd Mayweather ဒေါ်လာ သုံးသန်းတန် အနီရောင် Bugatti  ဖြင့် ပွဲတက်

527

ကမ္ဘာ့လက်ဝှေ့အကျော် အမော် Floyd Mayweather သည် လာ့စ်ဗေးဂက်စ်တွင် ကျင်းပခဲ့ သည့် ပြိုင်ဘက် Conor McGregor နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ရာ အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ် လာ့စ်ဗေးဂက်စ်တွင်ရှိသည့် ၎င်းပိုင် အဖော်အချွတ်ကလပ်တွင် ပရိသတ်များနှင့် ကျင်းပခဲ့သောပါတီပွဲသို့ ဒေါ်လာ သုံးသန်းတန် အနီရောင် ၂ဝ၁၂ မိုဒယ် Bugatti အမိုးဖွင့် ပြိုင်ကားစီးကာ တက်ရောက်ခဲ့ကြောင်း သြဂုတ်၂၇ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

လာ့စ်ဗေးဂက်စ်ရှိ T-Mobile လက်ဝှေ့ကြိုးဝိုင်းတွင် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတစ်ခုဖြစ်သည့် ယူအက်ဖ်စီမှ နာမည်ကျော်ကြယ်ပွင့် Conor McGregor နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်၌ Mayweather သည် ပြိုင်ဘက်အား ၁ဝ ချီ မြောက်တွင် အလဲထိုးအနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ အောင်ပွဲခံပါတီ ကျင်းပရာ Girl Collection ကလပ်သို့ Mayweather သည် ၎င်း၏ တန်ဖိုးကြီးဇိမ်ခံပြိုင်ကား Bugatti Grand Sport ကို မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး လာ့စ်ဗေးဂက်စ်ပွဲတွင် Mayweather သည် McGregor ကို အနိုင် ရရှိခဲ့သည့်အတွက် ဒေါ်လာ သန်း ၃၅ဝ ရရှိမည်ဖြစ်ရာ ယခုကဲ့သို့ ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ပါတီပွဲကျင်းပခြင်းမှာ အထူး အံ့သြစရာ မရှိဟု ဆိုကြသည်။ ပါတီပွဲကျင်းပမည့်အကြောင်းကို ၎င်း၏ အင်စတာဂရမ် စာမျက်နှာမှတစ်ဆင့် Followers ၁၇ ဒသမ ၆ သန်းအား အသိပေးခဲ့ပြီး ရှုံးပွဲမရှိ နိုင်ပွဲ ငါးဆယ် စံချိန်ရှင် Mayweather ကလပ်အတွင်း အောင်ပွဲခံနေချိန်တွင် စတိတ်စင်ပေါ်၌ အကမယ်များ ကခုန်နေကြသည်ကို ပါတီပွဲ ဗီဒီယိုဖိုင်၌ တွေ့မြင်ရပြီး ပရိသတ်များ ဆူညံ အော်ဟစ်နေချိန်တွင် အသက် လေးဆယ် အရွယ်ရှိ လက်ဝှေ့ကျော် Mayweather က ငွေစက္ကူအထပ်လိုက်ကို လေထဲသို့ ကြဲချလိုက် သည်ကိုလည်း တွေ့မြင်ရသည်။

 

Mayweather ၏ ပါတီပွဲ ကျင်းပနေသလို တစ်ဖက်တွင်လည်း McGregor က ၎င်း၏ပရိသတ်များနှင့်အတူ Lavish Encore Beach ကလပ်တွင် ပါတီပွဲကျင်းပခဲ့ကြောင်း သိရသည်။ အသက် ၂၉ နှစ်အရွယ်ရှိ McGregor သည် ပါတီကျင်းပရာညတွင် နံနက် သုံးနာရီဝန်းကျင်၌ ပါတီပွဲသို့ရောက်ရှိခဲ့ပြီး ပွဲသို့ တက်ရောက်လာသူများအား ပေါင် ၇၇,၆၄၃ တန်ဖိုးရှိ အဖျော်ယမကာများဖြင့် ဧည့်ခံခဲ့သည်။ McGregor သည် ယခုလက်ဝှေ့ပွဲမှ ယူအက်ဖ်စီတွင် ၎င်းအမြင့်ဆုံး ရရှိသည့် ထိုးသတ်ကြေးထက် ၁ဝ ဆ များသော ဒေါ်လာ သန်းသုံးဆယ် (ပေါင် ၂၃ ဒသမ ၃ သန်း) ရရှိခဲ့ကာ အပိုထပ်ဆောင်းငွေများ ပေါင်းပက ဒေါ်လာ ၇၅ သန်း (ပေါင် ၅၈ ဒသမ ၂ သန်း) အထိ ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here