အောက်တိုဘာ ၁ ရက်မှစ၍ လုပ်ငန်းသုံး မော်တော်ယာဉ်များကို မော်တော်ယာဉ် တင်သွင်းရောင်းချခွင့် လက်မှတ်ရှိမှသာ တင်သွင်းခွင့်ပြုမည်

392

 

ရန်ကုန်၊ သြဂုတ် ၃၁

၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ လုပ်ငန်းသုံးမော်တော်ယာဉ်များကို မော်တော်ယာဉ်အရောင်းစင်တာ၊ အရောင်းပြခန်း၊ လုပ်ငန်းသုံး မော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်အတိုင်း မော်တော်ယာဉ် တင်သွင်းရောင်းချခွင့် လက်မှတ်ရရှိမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် Brand New လုပ်ငန်းသုံးယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ပြီး ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်းအစား အရောင်းစင်တာ၊ အရောင်းပြခန်းဖွင့်လှစ်၍ တင်သွင်းရောင်းချသည့် လုပ်ငန်းစဉ်ကိုသာ ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့နောက် မော်တော်ယာဉ်အရောင်းစင်တာ၊ အရောင်းပြခန်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်ခွင့်လုပ်ငန်းစဉ်ကို ဆောင်ရွက်ဆဲကာလအတွင်း ရက်သတ္တ တစ်ပတ်လျှင် လုပ်ငန်းသုံးယာဉ် ငါးစီးနှုန်းဖြင့် တင်သွင်းခွင့်ပြုပေးခဲ့သည်။ သို့သော် လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ လုပ်ငန်းသုံးမော်တော်ယာဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်လက်မှတ်ရရှိမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

‘‘ပြည်ပကနေ လုပ်ငန်းသုံး မော်တော်ယာဉ်တွေ တင်သွင်းမယ်ဆိုရင် အရောင်းစင်တာ၊ အရောင်းပြခန်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်ထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပေးထားတဲ့ လက်မှတ်ရှိမှပဲ တင်သွင်းခွင့်ပေးတော့မှာ ဖြစ်ပါတယ်၊ ဒီကြေညာချက်ကို အောက်တိုဘာ ၁ ရက်မှာ စတင်မှာဖြစ်ပြီး တင်ဒါလျှောက်တဲ့ လုပ်ငန်းသုံးယာဉ်တွေကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပေးထားတဲ့ လက်မှတ်ရှိမှပဲ တင်သွင်းလို့ရမှာ ဖြစ်ပါတယ်’’ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အရောင်းစင်တာ၊ အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်ရန်အတွက် ဆောင်ရွက်ရာတွင် Deposit ကျပ်သိန်း ငါးရာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အရောင်းစင်တာအတွက် အကျယ်အဝန်း စတုရန်းပေ ကိုးထောင် ရှိရမည်ဖြစ်သလို အရောင်းပြခန်းအတွက် စတုရန်းပေ ၁၄,ဝဝဝ၊ သို လှောင်ရုံအတွက် စတုရန်းပေငါးထောင် အကျယ်ရှိရမည် ဖြစ်သည်။ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်ခြင်းကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လျှောက်ထားပါက မြို့နယ်များ၏ ပြင်ပ Downtown နေရာများတွင်သာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here