အောက်တိုဘာလဆန်းပိုင်းအထိ မူဝါဒများ မထုတ်ပြန်သေးသောကြောင့် ရောက်ရှိပြီး ညာမောင်းကားများ အရောင်းအဝယ်သွက်နေသည့် ရန်ကုန်ကားစျေးကွက်

1077

လာမည့် ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များကို အောက်တိုဘာလဆန်းပိုင်းအထိ မထုတ်ပြန်သေးသောကြောင့် ရောက်ရှိပြီး ညာမောင်းကားများမှာ အရောင်းအဝယ်သွက်နေကြောင်း သိရသည်။ လာမည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များတွင် ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေပြီး ဖရီးပါမစ်ကားများကို ၂ဝ၁၆ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်၊ စလစ်ကပ်ကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်၊ လုပ်ငန်းသုံးကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်၊ Brand New ကားများကို ၂ဝ၁၇ မိုဒယ်မှ ၂ဝ၁၈ မိုဒယ် တင်သွင်းခွင့်ပေးရန်သေချာ နေသည်။ ရက်ပိုင်းအတွင်း မော်တော်ယာဉ်မူဝါဒ ထုတ်ပြန်ပြီးပါကလည်း မိုဒယ်သတ်မှတ်ချက်များကို ယင်းအတိုင်းသာ ထွက်ပေါ်လာနိုင်သည်ဟု ကားတင်သွင်းရောင်းချသူများက ခန့်မှန်းထားကြသည်။ သို့ဖြစ်၍ ယခုနှစ် အတွင်းသာ တင်သွင်းခွင့်ရနိုင်တော့မည့် ညာမောင်းကားများကို ပါမစ်ကြို တင်လျှောက်ထားမှု များလာ၍ စလစ်စျေးများလည်း မြင့်တက်သွားခဲ့သည်။ ကားအရောင်းစင်တာများမှ ဖရီးပါမစ်ဖြင့် တင်သွင်းထားသည့် ညာမောင်း ကားများကို ယခင်က စျေးနှုန်းညိနှိုင်း လျှော့ပေါ့ရောင်းချခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကြိုက်စျေးနှင့် နီးကပ်မှသာ အရောင်းအဝယ်ပြုလုပ် ကြကြောင်း သိရသည်။

 

”ဒီရက်ပိုင်းမှာ အရောင်းအဝယ်တွေ ပြန်သွက်လာတယ်၊ ကားတင် သွင်းခွင့်မူဝါဒအသစ်မှာ ဘယ်မောင်းတွေပဲ တင်သွင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အတွက် ရောက်ပြီးသား ညာမောင်းကားတွေ အရောင်းအဝယ် သွက်လာတယ်၊ ဖရီးပါမစ်ကားနဲ့ စလစ်ကပ်ကားဆိုပြီး မခွဲခြားတော့ဘူး၊ အဓိကကတော့ စျေးကိုကြည့်ပြီး ဝယ်ကြတာပဲ၊ အများအားဖြင့် သိန်း ၁၅ဝ နဲ့ သိန်းနှစ်ရာကြားကားတွေ အရောင်းအဝယ် ဖြစ်တယ်၊ ရန်ကုန်အဝယ်နဲ့ နယ်ဝယ်လက်မျှပါတယ်၊ ရန်ကုန်အဝယ်ကလည်း ရန်ကုန်လိုင်စင်တွေ ဝယ်သလို နယ်အဝယ်ကလည်း သူဒေသနဲ့သူ ဝယ်တဲ့အတွက် အရောင်းအဝယ်က ဒီရက်ပိုင်းမှာ မျှသွားတယ်၊ လာမယ့်နှစ်မှာ ဘယ်မောင်းကားကိုပဲ ဦးစားပေးတင်သွင်းရဖို့ များတဲ့အတွက် ဒီနှစ်ကုန်ရင် တင်သွင်းလို့မရတော့တဲ့ ညာမောင်းကားတွေကို စလစ်ကပ်ပြီး တင်သွင်းလာကြလို့ စလစ်စျေးတွေလည်း တက်လာတယ်၊ ဒါပေမဲ့ လာမယ့်နှစ်မှာ စလစ်ကပ်ကားလည်း ဘယ်မောင်းပဲ တင်သွင်းရမယ်ဆိုရင်တော့ စလစ်စျေးက ပြန်ကျသွားမှာပါ၊ ညာမောင်းကို နှစ်အကန့်အသတ်နဲ့ ခွင့်ပြု ပေးမယ်ဆိုရင်တော့ စလစ်စျေးက ဆက်ပြီးမာနေဦးမှာပါ”ဟု ‘မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း’ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ဆိုသည်။

 

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ဖရီးပါမစ်ကားများအပြင် စလစ်ကပ်ကားများပါ စျေးမြင့်တက်နေသော်လည်း အရောင်းအဝယ်သွက်နေကြောင်း သိရသည်။ ကားဝယ်/ရောင်းများအနေဖြင့်လည်း လာမည့်နှစ်တွင် တင်သွင်းခွင့်မရနိုင်တော့သည့် ညာမောင်းကားများကို ပါမစ်ကြိုတင် လျှောက်ထားရန်သာ အာရုံစိုက်နေပြီး ကားတင်သွင်းခွင့်မူဝါဒများအတည် ပြုထုတ်ပြန်မည့်အချိန်ကို စောင့်ကြည့်ကာ မှန်းဆလုပ်ကိုင်နေကြရသည်။

 

”လာမယ့်နှစ်မှာ ညာမောင်းကားတွေက တင်သွင်းခွင့်ရဖို့ မသေချာတော့တဲ့အတွက် အခုကတည်းက ကားတွေက ကြိုသွင်းထားပါတယ်၊ ပါမစ်ပိတ်ခါနီးမှလုပ်ရင် အခက်အခဲဖြစ်မှာစိုးလို့ ပါမစ်တွေ ကြိုလျှောက်ပြီး နိုင်သလောက် ကြိုသွင်းနေကြပါတယ်၊ ဒီရက်ပိုင်းမှာ ကားဟောင်းတွေ အဝယ်လိုက်တာ များတယ်၊ ၁၃ဝဝ စီစီကားတွေပိုပြီး အဝယ်လိုက်တယ်၊   ဝယ်စီးမယ့်သူတွေက ဖရီးပါမစ်နဲ့တင်သွင်းလို့ရတဲ့ ဘယ်မောင်းကားထက်စာရင် ဂျပန် တစ်ပတ်ရစ် ညာမောင်းကားတွေကို ပိုပြီးကြိုက်ကြတယ်၊ ဒီ နှစ်မကုန်ခင်မှာ ညာမောင်းကားတွေကို ဦးစားပေး တင်သွင်းလာတဲ့အတွက် စလစ်စျေးက ၁၂၃ သိန်းဝန်းကျင်အထိ တက်သွားတယ်၊ အပ်ကားတွေက တဖြည်းဖြည်း ရှားလာသလို ၁၉၉၇ မိုဒယ်နဲ့အောက်ကားထဲမှာဆိုရင်လည်း ကားကောင်းတွေ ရှိသေးတဲ့သလိုမရောင်းဘဲ ဆက်စီးမယ့်သူတွေများတဲ့အတွက် စလစ်စျေးက ကျဖို့ထက် တက်ဖို့ပဲ ရှိတယ်၊ လာမယ့်နှစ်မှာ COE စနစ် ကျင့်သုံးမယ်ဆိုရင်လည်း တကယ်ဝယ်စီးမယ့်သူတွေဆီကို ထိထိရောက်ရောက်ပေးနိုင်ရင်တော့ကောင်းပါတယ်၊ ပိုက်ဆံပိုသုံးနိုင်တဲ့သူတွေက လက်ဝါးကြီးအုပ်ပြီး တစ်ဆင့်ပြန်ရောင်းဆိုရင်တော့ အမှန်တကယ် ကားဝယ်မယ့်သူတွေအတွက် မလွယ်တော့ပါဘူး၊ ပိုက်ဆံရှိတဲ့သူတွေက လေလံအကုန်ဆွဲပြီး တစ်စောင်ချင်းစီကို အမြတ်နဲ့ပြန်ရောင်းမယ်ဆိုရင် တကယ်ဝယ်စီးမယ့်သူတွေအတွက် နစ်နာသွားမှာပါ”ဟု ‘မော်တော်ကား ရောင်းဝယ်ရေးအသင်း’ ဥက္ကဌ ဦးအောင်သန်းဝင်းက ဆိုသည်။

 

ညာမောင်းကားများကို ပါမစ်ကြိုတင်လျှောက်ထားမှုများသဖြင့် စလစ်စျေးများလည်း မြင့်တက်လာကာ ယခုရက်ပိုင်းအတွင်း သက်တမ်း နှစ်နှစ်ဆယ် စလစ်တစ်စောင်လျှင် ကျပ် ၁၂၃ သိန်းဝန်းကျင်၊ တိုက်ကြေ စလစ်တစ်စောင်လျှင် ကျပ် ၁၁၃ သိန်းဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၁၁၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here