အို/ဟောင်း အပ်နှံခွင့်ရရှိထားသည့် YBS ယာဉ်များ အမြန်ဆုံးအပ်နှံကြရန် အကြောင်းကြားစာ ထုတ်ပြန်

243

 

ရန်ကုန်၊ ဇူလိုင်
အို/ဟောင်း အပ်နှံခွင့်ရရှိထားသည့် YBS ယာဉ်များထဲမှ တစ်နှစ်ဝန်း ကျင်ကြာသည်အထိ လာရောက် အပ်နှံခြင်းမရှိသည့် ယာဉ်များကို အမြန်ဆုံးအပ်နှံကြရန် သတိပေးစာ ထုတ်ပြန်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ သိရသည်။

ရန်ကုန်အတွင်း၌သာ သီး သန့်ခွင့်ပြုချက်ဖြင့် ၂ဝဝ၃ မိုဒယ် နှင့် အောက် CNG ကားများကို အို/ဟောင်း အပ်နှံ၍ လူစီးစလစ်ထုတ်ယူခွင့်ပြုခြင်းဖြစ်သည်။ ထိုကဲ့ သို့ ခွင့်ပြုပေးခဲ့သော ယာဉ်များသည် YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေပြီး လက်ရှိအချိန်အထိ လာရောက် အပ်နှံခြင်း မရှိသေးသောကြောင် အမြန်ဆုံးလာရောက် အပ်နှံကြရန်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများကို YRTA မှ အကြောင်းကြားစာ ပေးပို့ထား ကြောင်း သိရသည်။

“၂ဝဝ၃ မိုဒယ်အောက် ကားတွေ အပ်ချင်တယ်ဆိုပြီး ယာဉ်ပိုင် ရှင်တွေက တင်ပြလာတာကြောင့် ယာဉ်ပိုင်ရှင်တွေ အထောက်အပံ့ရ အောင်ဆိုပြီး အို/ဟောင်း အပ်ပြီး လူစီးစလစ် ထုတ်ခွင့်ရအောင် YRTA ကတစ်ဆင့် ပြည်ထောင်စု အစိုးရကို တင်ပေးထားတာပါ၊ အဲဒီကမှတစ်ဆင့် အဆင့်ဆင့်စစ်ဆေးပြီး ပြန်ကျလာတာပါ၊ ဒါပေမဲ့ ယာဉ်ပိုင်ရှင်တွေက အပ်ချင်လို့ အပ်နှံခွင့် တောင်းထားပြီးတော့ အခုထိ လာမအပ်ဘူး ဖြစ်နေတယ်၊ သူတို့ကိုယ်တိုင်က ဆန္ဒပြုပြီး တင်ပြထားတာ၊ ဒီအပ်နှံခွင့်ကလည်း သီးခြားခွင့်ပြုထားတာ ဖြစ်ပါတယ်၊ ဒီကားတွေကို စိစစ်ပြီး အပ်ဖို့ပြော ပေးပါဆိုပြီး ကုမ္ပဏီတွေကို အကြောင်းကြားထားတာပါ၊ သူတို့ ကိုယ်တိုင် တောင်းဆိုထားတာဖြစ်တဲ့အတွက် လိုက်နာစေချင်တာပါ၊ ဘယ်နေ့ နောက်ဆုံးအပ်ရမယ် ဆိုတာက ယာဉ်လိုင်းကုမ္ပဏီတွေရဲ့ မူနဲ့ပဲ ဆိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

နှစ် နှစ်ဆယ် သက်တမ်းရှိ သော ယာဉ်များကိုသာ အို/ဟောင်း အပ်နှံခွင့်ပြုခြင်း ဖြစ်သော်လည်း YBS ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုအရ ၂ဝဝ၃ မိုဒယ်နှင့်အောက် CNG အသုံးပြု YBS ယာဉ် ၁၈၉ စီးကို ၂ဝ၁၉ ခုနှစ်က အို/ဟောင်း အပ်နှံ၍ လူစီးစလစ် ထုတ်ယူခွင့် ပြုပေးထားခြင်း ဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here