အို/ဟောင်းယာဉ်အပ်နှံမှု စံချိန်တင်လျော့နည်းဟု ဆို

1103

ကားပါမစ်လျှောက်ထားချိန် ကုန် ဆုံးသည့်အပြင် ယာဉ်အို၊ ယာဉ် ဟောင်း ရှားပါးသည့်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ အို/ဟောင်းယာဉ်အပ်နှံမှု စံချိန်တင် လျော့နည်းသွားကြောင်း စီမံဌာန၏ စာရင်းများအရ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး အတွင်း အို/ဟောင်းယာဉ်အပ်နှံမှု ခြောက်စီးသာရှိပြီး ဒီဇင်ဘာ ၂၇ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃ ရက် အထိ အို/ဟောင်းယာဉ်အပ်နှံမှု တစ်စီးသာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စီမံဌာန၏ စာရင်းများအရ သိရသည်။

 

ထို့ပြင် မန္တလေးကားစျေးကွက်အတွင်း စလစ်နှင့် အရည်ကျိုစျေး ကွက် အရောင်းအဝယ်အေးခြင်းမှာလည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရသည်။

 

၂ဝ၁၈ ခုနှစ် ကားတင်သွင်းမှု အတွက် ထုတ်ပြန်လိုက်သည့် မူဝါဒအရ Brand New ဘယ်မောင်းကားသာ တင်သွင်းရမည်ဖြစ်သဖြင့် စလစ်နှင့် အရည်ကျိုစျေးကွက်အပေါ် လူစိတ်ဝင်စားမှုနည်းပြီး စျေးကွက်ပျက်ကာ ကညန၌ အို/ ဟောင်းယာဉ်အပ်နှံမှု လျော့နည်းရ ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိ မန္တလေးတိုင်းအတွင်း နှစ်နှစ်ဆယ်သက်တမ်းရှိ အို/ ဟောင်းယာဉ်မှာလည်း အစီးရေ နည်းပါးပြီး ကျန်ရှိသည့် သက်တမ်းလွန် ယာဉ်များမှာလည်း အသုံးပြုနိုင်သေး၍ လက်ရှိဖြစ်ပေါ် နေသည့် အရည်ကျိုစျေးဖြင့်ရောင်းချနိုင်မှု မရှိခြင်းမှာလည်း အို/ ဟောင်းယာဉ်အပ်နှံမှု နည်းရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

 

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်အထိ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ အို/ဟောင်းယာဉ် အပ်နှံမှုမှာ လေလံယာဉ် ၂,ဝ၃၅ စီး၊ တက္ကစီယာဉ် ၂,၄ဝ၅ စီး၊ စက်မှုဇုန်ထုတ်ယာဉ် အစီး ၇,၅၉ဝ၊ နှစ် နှစ်ဆယ်သက်တမ်းယာဉ် ၈,၇၁၉ စီး၊ သုံးဘီးယာဉ် ၂၁၃ စီး အပ်နှံခဲ့ပြီး တိုက်ကြေနှင့် တိုင်းအတွင်းရှိ ခရိုင်ရုံး ငါးရုံးအပါအဝင် အို/ဟောင်း ယာဉ် ၂၇,ဝ၄၉ စီး အပ်နှံပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here