အိန္ဒိယ  Yamaha FZ S  ဆိုင်ကယ်များ   လေးနှစ်အတွင်း    ရောင်းအားထက်ဝက်ခန့်  ကျဆင်းလာဟု  ဆို

4307

မြန်မာနိုင်ငံရှိ အမျိုးသားလူငယ်ကြိုက် ဆိုင်ကယ်ဖြစ်သည့် အိန္ဒိယ YAMAHA ကုမ္ပဏီထုတ် FZ S ဆိုင်ကယ်များသည် လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ်က ဘီးကြီးဆိုင်ကယ် လောကတွင် ရောင်းအားအကောင်း ဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ လေးနှစ်အတွင်း ရောင်းအားထက် ဝက်ခန့်ကျဆင်းလာကြောင်း အိန္ဒိယ ဆိုင်ကယ်တင်သွင်းသူများထံမှ သိရသည်။

 

”၂ဝ၁၄ ခုနှစ်တုန်းက အိန္ဒိယ မိုးရေးနယ်စပ်ကနေတစ်ဆင့်တမူးဘက်ကို သွင်းတယ်၊ တမူးကနေ တစ်ဆင့် မန္တလေးကို ကားနဲ့သယ်ပြီး တစ်နိုင်ငံလုံးဖြန့်တယ်၊ အဲဒီ အချိန်တုန်းက လက်လီရော၊ လက်ကားရောဖြန့်တာ တစ်လကို အစီးလေးရာကျော်၊ ငါးရာရောင်းရတယ်၊ အခုဒီနှစ်ထဲမှာ တစ်လမှ အစီးနှစ်ရာကျော်လောက်ပဲ ရောင်းရတော့တယ်၊ လေးနှစ်အတွင်းကို ရောင်းအားထက်ဝက်လောက် ကျသွားတယ်”ဟု အိန္ဒိယ YAMAHA FZ ဆိုင်ကယ်များ တင်သွင်းနေ သည့် မန္တလေးမြို့ ‘ Ever OK ကုမ္ပဏီ’ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုဥက္ကာဇွဲလွင်က ပြောကြားသည်။

 

၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံရှိ စျေးတန်းသက်သာသော ဘီးကြီးဆိုင်ကယ်လောကတွင် အိန္ဒိယ YAMAHA FZ ဆိုင်ကယ်တစ်မျိုးသာရှိပြီး ယခုနှစ်ထဲတွင် ကုမ္ပဏီအသီးသီးမှ အင်ဂျင်ပါဝါ 150 CC ၊ 200 CC ၊ 250 CC ၊ 400 CC စသော မိုဒယ်မြင့်ဆိုင်ကယ်များ Brand New ဖြင့် ဝင်ရောက်လာသောကြောင့် စျေးကွက်ဝေစုထက် ဝက်ခန့် ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ စျေးကွက်ပြိုင်ဆိုင်မှုများ ပြားလာရာမှတစ်ဆင့် စျေးကွက်ဝေစု မျှသွားသောကြောင့် ရောင်းအားထက်ဝက်ခန့် ကျဆင်းလာခြင်းဖြစ် ကြောင်း သိရသည်။

 

” အရင်က စျေးတန်းမြင့်တဲ့ ဂျပန်ဒို၊ Harley-Davidson တို့က လွဲရင် စျေးတန်းအနိမ့်မှာက ဘီး ကြီးဆိုရင် YAMAHA FZ တစ်မျိုးတည်းပဲရှိတယ်၊ အခုကျတော့ KTM ကလည်း ဘီးကြီးမျိုးစုံထွက်တယ်၊ TVS ကလည်း ထွက်တယ်၊ Bajaj ကလည်း ထွက်တယ်၊ တခြား တရုတ်ကုမ္ပဏီတွေကလည်း ဘီးကြီးမျိုးစုံ တင်သွင်းနေကြတော့ အဲဒီမှာ စျေးကွက်က နည်းနည်း ဂယက်ရိုက်သွားတယ်၊ နောက်ပိုင်းဆိုရင် စျေးကွက် ပြိုင်ဆိုင်မှုက ပိုများလာဦးမှာ၊ အိန္ဒိယ FZ အနေနဲ့ စျေးကွက်ရာခိုင်နှုန်းကတော့ အခုနှုန်းထားလောက်မှာ တန့်နေတာလည်းဖြစ်နိုင်သလို ပိုပြီးလည်း ကျလာနိုင်တယ်၊ ဒီထက် စျေးကွက်ပိုကောင်းဖို့ဆိုတာတော့ အခုခေတ်မှာ မဖြစ်နိုင်တော့ဘူး”ဟု မန္တလေးမြို့ခံ အိန္ဒိယဆိုင်ကယ်များ တင်သွင်းနေသူတစ်ဦးက သုံးသပ်သည်။

 

အိန္ဒိယနိုင်ငံထုတ် YAMAHA FZ S ဆိုင်ကယ်များကို လက်ရှိတွင် တမူး၊ ကလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား စသည့်မြို့များ၌ အသုံး ပြုမှုများပြားနေဆဲဖြစ်ပြီး ဖွံ့ဖြိုးမှု မြန်ဆန်သော မြို့များတွင်မူ ဝယ်ယူမှုရာခိုင်နှုန်း ကျဆင်းလာကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

 

မန္တလေးမြို့တွင် ယခုလ ပထမပတ်၌ အိန္ဒိယနိုင်ငံထုတ် ၂ဝ၁၇ မိုဒယ် YAMAHA FZ S ဆိုင်ကယ် 150 CC ကို ကျပ် ၂,ဝ၅ဝ,ဝဝဝ ဖြင့် ရောင်းချလျက်ရှိပြီး 250 CC ကို ကျပ် ၃,၁ဝဝ,ဝဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here