အိန္ဒိယ TVS ဆိုင်ကယ်များကိုနှစ် နှစ်အရစ်ကျဖြင့် စတင်ရောင်းချ

1326

မန္တလေး၊ဧပြီ

အိန္ဒိယနိုင်ငံတွင် နာမည်ရ အမှတ်တံဆိပ် တစ်ခုဖြစ်သော TVS  ဆိုင်ကယ်ကုမ္ပဏီမှ TVS ဆိုင်ကယ်များကို အီရွန်အသေးစားချေးငွေလုပ်ငန်းကုမ္ပဏီနှင့်ချိတ်ဆက်၍ အနည်းဆုံးတစ်နှစ်မှ နှစ်နှစ်အထိ အရစ်ကျစနစ်ဖြင့်ဧပြီလကုန်ပိုင်းမှစ၍ ရောင်းချပေးနေကြောင်း သိရသည်။

”အရင်က TVS ဆိုင်ကယ်တွေကို ကျွန်မတို့ကုမ္ပဏီကနေ တိုက်ရိုက်အရစ်ကျ ရောင်းချပေးတာမျိုးတွေ မရှိခဲ့ဘူး၊ အခုတော့အီရွန်အသေးစားချေးငွေလုပ်ငန်းနဲ့ ချိတ်ဆက်ပြီး TVS ဆိုင်ကယ်တွေ အကုန်လုံးကို တစ်နှစ်ကနေအများဆုံးနှစ်နှစ်အထိ အရစ်ကျရောင်းချပေးသွားမယ်၊ အဓိကတော့ဝန်ထမ်းတွေအတွက် အဆင်ပြေအောင်လို့ အခုလို အရစ်ကျရောင်းချပေးဖြစ်တာပါ”ဟု မန္တလေးမြို့ TVS ဆိုင်ကယ်ကုမ္ပဏီမှ အရောင်းမန်နေဂျာ မယဉ်ငြိမ်းက ပြောကြားသည်။

ထိုသို့ အရစ်ကျရောင်းချပေးရာတွင် လူတိုင်းဝယ်ယူခွင့်ပေးထားသော်လည်း အနည်းဆုံး တစ်လဝင်ငွေ နှစ်သိန်းမှလေးသိန်းကြားရှိသူများနှင့် မန္တလေးမြို့တွင်နေထိုင်သူကိုသာရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူစိတ်ကြိုက် အနည်းဆုံး တစ်နှစ်၊တစ်နှစ်ခွဲ၊ နှစ်နှစ် စသည်ဖြင့် အရစ်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်အရစ်ကျဝယ်ယူသူသည် အနည်းဆုံး ဆိုင်ကယ်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို သတ်မှတ်သည့်နှစ်အတွင်း လစဉ်ပေးချေသွားရမည်ဖြစ်ကြောင်း မန္တလေးမြို့ TVS ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။

”အတိုးနှုန်းကတော့ ကျန်ငွေပေါ်မှာ တစ်သိန်းကို ပျဉ်းမျှ ၁ .၄ ရာခိုင်နှုန်းလောက်ကျမယ်၊ အရစ်ကျဝယ်ရင်အာမခံပေးမယ့်သူတစ်ဦးလိုအပ်တယ်၊အဲဒီအာမခံပေးမယ့်သူကလည်း ဝယ်တဲ့သူရဲ့ဝင်ငွေနီးပါးတော့ ရှိရပါမယ်၊ ဥပမာအရစ်ကျဝယ်မယ့်သူက တစ်လဝင်ငွေ ၄ သိန်းရှိရင် အာမခံပေးမယ့်သူရဲ့ဝင်ငွေကလည်း တစ်လမှာ ၃ သိန်း လောက်ဖြစ်ဖြစ်အနည်းဆုံးရှိရမယ်၊ ဝယ်တဲ့သူလိုပဲ အာမခံပေးမယ့်သူလည်းပဲ မှတ်ပုံတင်၊ဝန်ထမ်းကဒ်မူရင်း၊မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ရဲစခန်းထောက်ခံစာစတဲ့ အထောက်အထားတွေ လိုအပ်ပါတယ်”ဟု ယင်းကုမ္ပဏီမှအရောင်းတာဝန်ခံတစ်ဦးဖြစ်သူ ကိုနေဇွန်အောင်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ သိပ္ပံ လမ်း၊ ၆၃လမ်းနှင့်၆၄လမ်းကြားရှိ TVS ဆိုင်ကယ်အရောင်းပြခန်း၌ TVS Dazz ၊ TVS Wego ၊ TVS RockZ ၊ TVS Apache 200 4V ၊ TVS Neo XR စသောဆိုင်ကယ်အမျိုးအစားကိုအရစ်ကျစတင်ရောင်းချပေးလျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here