အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်း၍ တရားမဝင် ဝင်ထွက်သွားလာခြင်းနှင့် ကုန်စည်တင်သွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ပါက အရေးယူမည်

126

 

ကလေး၊ အောက်တိုဘာ ၁၀

Covid-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ပေါက်များဖြစ်သော တမူးမြို့အနီးရှိ အမှတ် (၁) ဂိတ်နှင့် အမှတ် (၂) ဂိတ်တို့ကို မတ် ၁၀ ရက်ကတည်းက တရားဝင်ပိတ်ထားသော်လည်း ယခုအခါ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းအချို့မှ ဖြတ်သန်း၍ တရားမဝင် ဝင်ထွက်သွားလာခြင်း၊ တရားမဝင်ကုန်စည်တင်သွင်းခြင်း၊ တင်ပို့ခြင်း လုပ်ဆောင်မှုများ စိစစ်တွေ့ရှိရသဖြင့် ယင်းသို့မလုပ်ဆောင်ကြရန် စတင်တားမြစ်လိုက်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းတွေမှာ ဖြတ်ကျော်သွားလာပြီး တရားမဝင် ကုန်စည်ပို့ဆောင်တာတွေ၊ တင်သွင်းတာတွေနဲ့ လူဝင်ထွက်တာတွေမလုပ်ဆောင်ကြဖို့ မနေ့ညကပဲ စတင်တားမြစ်လိုက်ပါတယ်၊ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားပါမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်များတွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌ အိန္ဒိယနိုင်ငံအတွင်းသို့ လူတချို့ ဝင်ထွက်သွားလာနေခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိရသည့်အတွက် တရားဝင်နယ်စပ်ဂိတ်ပေါက်များဖြစ်သော အမှတ် (၁) နှင့် အမှတ် (၂) ဂိတ်တို့ တရားဝင် ပြန်လည်မဖွင့်လှစ်မီ ယင်းသို့ တရားမဝင် မလုပ်ဆောင်ကြရန် တားမြစ်မိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ဤဒေသန္တရအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ အတည်ပြုစေရမည်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၉ ရက်ညပိုင်းက တားမြစ်မိန့်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့ခံအများစုသည် နယ်စပ်ဂိတ်အမှတ် (၂) အနီးရှိ နန်းဖာလုံနယ်စပ်ဈေးတွင် ဈေးဆိုင်များဖွင့်လှစ်၍ အိန္ဒိယနိုင်ငံ၏ လူကြိုက်များသော ကုန်ပစ္စည်းများကို အားထားရောင်းချရပြီး ယခု နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များ ပိတ်ထားချိန်မှာ ခုနစ်လအထိ ကြာမြင့်လာပြီဖြစ်သဖြင့် စားဝတ်နေရေးအခက်တွေ့လာကြောင်း အဆိုပါဒေသခံများထံမှ စုံစမ်းသိရသည်။

“ဈေးမရောင်းရတာ လချီကြာလာတဲ့အချိန်မှာ ဝင်ငွေမရှိကြတော့ဘူး၊ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုရှိနေမှ စားဝတ်နေရေးအတွက် အဆင်ပြေမှာဆိုတော့ တချို့လည်း နယ်စပ်လမ်းတချို့ကနေ ကုန်ပစ္စည်းခိုးပို့ကြတာပေါ့၊ အခု တားမြစ်လိုက်ပြီဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ အစိုးရက ဖြစ်နိုင်ရင် လူဝင်လူထွက်မလုပ်ခိုင်းချင်နေ ကုန်ပစ္စည်း ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ လဲလှယ်ဖို့တော့ တရားဝင်ခွင့်ပေးစေချင်တယ်” ဟု တမူးမြို့ခံ ကုန်သည်တစ်ဦးက သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ – ဇော်ဝေ
နှစ်နိုင်ငံ နယ်စပ်နှင့် ဆက်စပ်သည့် အဝင်အထွက်ပေါက်လမ်းအချို့ ပိတ်ထားသည်ကို တွေ့မြင်ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here