အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များအား ယခုလကုန်အထိ ဆက်လက်ပိတ်ထားမည်

113

 

က​လေး၊ ​အောက်တိုဘာ ၈

အိန္ဒိယ-မြန်မာနယ်စပ် ၀င်ထွက်ဂိတ်နှင့် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် အမှတ် (၁)နှင့် အမှတ် (၂) ဂိတ်တို့ကို ယခု အောက်တိုဘာလကုန်အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း တမူးမြို့ ကုန်သည်ကြီးများအသင်းမှ စုံစမ်းသိရသည်။

“အိန္ဒိယမှာက ပိုးတွေ့လူနာ တအားများနေသေးတဲ့အတွက် နယ်စပ်ဂိတ်တွေအားလုံး ဒီလကုန်အထိ ဆက်ပိတ်ခိုင်းထားတယ်၊ ဂိတ်ပိတ်ထားရတာ မတ်လကုန်ကတည်းကဆိုတော့ အခုဆို ခုနစ်လထဲရောက်နေပြီ၊ အခုဆို ကုန်သည်တွေ တော်တော်နာနေကြပြီ၊ ရေရှည်ဆို မလွယ်ဘူး” ဟု တမူးမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံတွင် Covid-19 ပိုးတွေ့လူနာ များပြားလွန်းနေသဖြင့် တမူးမြို့အနီးရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်အား ဆက်လက်ပိတ်ထားမည့်အစား နှစ်နိုင်ငံ ကုန်ပစ္စည်းများ ဟိုဘက်ဒီဘက် ပို့ဆောင်လဲလှယ်နိုင်ရန် နိုင်ငံတော်အစိုးရက ဖန်တီးပေးသင့်ကြောင်း တမူးမြို့ခံ ကုန်သည်အချို့က သုံးသပ်သည်။

“လူ၀င်လူထွက်ကို ပိတ်ထားပြီး ကုန်ပစ္စည်း ဟိုဘက်ဒီဘက် လဲလှယ်ဖို့တော့ အစိုးရက စီစဉ်ပေးစေချင်တယ်၊ တမူးမှာနေတဲ့သူအားလုံးနီးပါးက အိန္ဒိယနဲ့ အရောင်းအ၀ယ် လုပ်ကြရတာ၊ အခု အရောင်းအ၀ယ်မလုပ်ရတာ လချီကြာလာတဲ့အချိန် တအားအထိနာနေကြပြီ” ဟု တမူးမြို့ခံ ကုန်သည်တစ်ဦးက ထပ်မံဆိုသည်။

တမူးမြို့ရှိ နန်းဖာလုံနယ်စပ်စျေးတွင် စျေးဆိုင်ခန်းပေါင်း နှစ်​ထောင်ကျော်ရှိပြီး အဆိုပါစျေးရောင်းသူအားလုံးသည် အိန္ဒိယနိုင်ငံ၏ ၀ယ်လိုအားကို အားထားရပြီး အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ရှိ အိန္ဒိယကုန်ပစ္စည်းများကိုလည်း မြန်မာဘက်မှ သွားရောက်၀ယ်ယူ၍ ပြည်တွင်းစျေးကွက်အတွင်း တစ်ဆင့်ပြန်လည်ဖြန့်ချိကြရသည်။

ယခုအခါ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပိတ်ထားရသည့်အတွက် နန်းဖာလုံနယ်စပ်စျေးမှာလည်း ပိတ်ထားရသည်မှာ ​ခြောက်လကျော်ရှိနေပြီဖြစ်ပြီး အဆိုပါနယ်စပ်ဂိတ်များမှ တရား၀င် ကုန်ပစ္စည်းလဲလှယ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနသို့လည်း တင်ပြထားကြောင်း ဒေသခံကုန်သည်များထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓါတ်ပုံ-​ဇော်​ဝေ

နန်းဖာလုံ​စျေး ယ​နေ့အထိတိုင် ပိတ်ထားရသည့် မြင်ကွင်း

LEAVE A REPLY

Please enter your comment!
Please enter your name here