အိန္ဒိယ-မြန်မာနယ်စပ် တရားမ၀င်ကုန်သွယ်မှုပြုသူများအား ဖမ်းဆီးအရေးယူနေဟုဆို

162

 

တမူး၊ ​နိုဝင်ဘာ ၁

မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိသော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် Covid-19 ပိုးတွေ့ရှိသူ များပြားနေသဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်၀င်ထွက်ပေါက်များကို ပိတ်ထားသော်လည်း ခိုး၀င်ပေါက်များမှတစ်ဆင့် တရားမ၀င် ကုန်သွယ်မှုပြုနေသူများအား ဖမ်းဆီးအရေးယူနေကြောင်း တမူးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် တရား၀င် ဂိတ်ပေါက်များမှမဟုတ်ဘဲ ကျေးရွာများရှိ နယ်စပ်ခိုး၀င်လမ်းကြောင်းများမှတစ်ဆင့် ကုန်ပစ္စည်းများ တရား၀င် တင်ပို့ခြင်း/တင်သွင်းခြင်း ဆောင်ရွက်နေကြောင်း ဒေသခံအချို့၏ တိုင်ကြားမှုများအရ ယင်းသို့မလုပ်ကြရန်နှင့် တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးတွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၉ ရက်မှစ၍ ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် တရားမ၀င် ကုန်သွယ်မှုပြုနေသည့်လမ်းကြောင်းများတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါ၀င်သောအဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ တောက်လျှောက်ပြုလုပ်ခဲ့ရာ ယခုအခါ ၁၅ ဦးထက်မနည်း အမှုဖွင့်အရေးယူခဲ့ရကာ မြို့နယ်တရားရုံးမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)အရ ကျူးလွန်သူများအား ထောင်ဒဏ် ​ခြောက်လစီ အမိန့်ချခဲ့ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်များတွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌ အိန္ဒိယနိုင်ငံအတွင်းသို့ လူအချို့ ၀င်ထွက်သွားလာနေခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိရသည့်အတွက် တရား၀င် နယ်စပ်ဂိတ်ပေါက်များဖြစ်သော အမှတ် (၁)နှင့် အမှတ် (၂)ဂိတ်တို့ တရား၀င် ပြန်လည်မဖွင့်လှစ်မီ ယင်းသို့ တရားမ၀င် မလုပ်ဆောင်ကြရန် တားမြစ်မိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၉ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ထုတ်ပြန်ပြီးနောက် ယခုအခါ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်၍ အရေးယူခံရသူ ၁၅ ဦးထက်မနည်းရှိလာပြီလည်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့ခံအများစုသည် နယ်စပ်ဂိတ်အမှတ် (၂)အနီးရှိ နန်းဖာလုံနယ်စပ်စျေးတွင် စျေးဆိုင်များဖွင့်လှစ်၍ အိန္ဒိယနိုင်ငံ၏ လူကြိုက်များသော ကုန်ပစ္စည်းများကို အားထားရောင်းချရပြီး ယခု နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များ ပိတ်ထားချိန်မှာ ခုနစ်လအထိ ကြာမြင့်လာပြီဖြစ်ကာ စား၀တ်နေရေး အခက်တွေ့လာသည့်အတွက် ယင်းသို့ တရားမ၀င်ကုန်သွယ်မှုများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း တမူးမြို့အခြေစိုက် တမူးလူငယ်ကွန်ရက်က သုံးသပ်သည်။

“စျေးမရောင်းရတာ လချီကြာလာတဲ့အချိန်မှာ ၀င်ငွေမရှိကြတော့ဘူး၊ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုရှိနေမှ စား၀တ်နေရေးအတွက် အဆင်ပြေမှာဆိုတော့ တချို့လည်း နယ်စပ်လမ်းတချို့ကနေ ကုန်ပစ္စည်းခိုးပို့ကြတာပေါ့၊ အခုလည်း အရေးယူနေတယ်သာပြောတာ တခြားခိုး၀င်လမ်းကြောင်းတွေကနေ ညဘက်ဆို ခိုးပို့နေကြတာတွေ ရှိနေတုန်းပဲ၊ အမှန်တကယ်ဆို အခု တမူးမှာ ပိုးတွေ့လူနာများလာတဲ့အတွက် သက်ဆိုင်ရာဌာနတွေက လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစွာနဲ့ သေသေချာချာ ကြပ်မတ်သင့်တယ်” ဟု တမူးလူငယ်ကွန်ရက်မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုယဉ်ကိုဦးက ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)
Covid-19 ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ နန်းဖာလုံနယ်စပ်ဈေး ယာယီပိတ်ထားရသည်ကို တွေ့မြင်ရစဉ်။

ဓာတ်ပုံ- Zaw Wai

LEAVE A REPLY

Please enter your comment!
Please enter your name here