အိန္ဒိယ-မြန်မာနယ်စပ် ဂိတ်အမှတ် (၁) အား အကန့်အသတ်ဖြင့်ကုန်သွယ်ခွင့် တင်ပြထားရာ Covid-19 ထိန်းချုပ်နိုင်သည့်အချိန်အထိ စောင့်ဆိုင်းရန် ပြန်လည်ဖြေကြားခဲ့ဟုဆို

68

 

တမူး၊ နိုဝင်ဘာ ၂၂

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်အမှတ် (၁) နှင့် ဂိတ်အမှတ် (၂) တို့ ပိတ်ထားရသည်မှာ အချိန်အားဖြင့် ရှစ်လခန့်ရှိနေပြီဖြစ်သည့်အတွက် ဂိတ်အမှတ် (၁) ကို အကန့်အသတ်ဖြင့် ကုန်သွယ်ခွင့်ပြုနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့သော်လည်း Covid-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်သည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု တမူးမြို့ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေက တရားဝင်ပိတ်ထားတာ လပေါင်းများစွာကြာလာတဲ့အချိန်မှာ အောက်ခြေပြည်သူလူထု စားဝတ်နေရေးအခက်တွေ့လာတယ်၊ တရားမဝင် ကုန်သွယ်မှုတွေကို အရေးယူနေပေမဲ့ လက်တွေ့မြေပြင်မှာက လမ်းကြောင်းပေါင်းများစွာကနေ သွားလာနေကြတာပေါ့၊ ဒါဆိုရင်တော့ မထူးဘူး၊ တရားမဝင်သွားတာက နိုင်ငံတော်က အခွန်မရတဲ့အတူတူ အစိုးရက အကန့်အသတ်နဲ့ တရားဝင်ကုန်သွယ်ခွင့်ပေးလိုက်မယ်ဆိုရင် ကောင်းမယ်ဆိုပြီး လွှတ်တော်မပိတ်ခင်လေးမှာ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးခွန်းတင်ခဲ့တယ်၊ အခု ဝန်ကြီးဌာနကနေ အကြောင်းပြန်တာကတော့ အိန္ဒိယမှာလည်း ရောဂါပိုးကူးစက်မှုက ဒုတိယအများဆုံးဖြစ်နေသေးတဲ့အတွက် မဖွင့်သင့်သေးဘူး၊ ရောဂါထိန်းချုပ်နိုင်ချိန်ကျမှ ဖွင့်လှစ်ဖို့ အကြောင်းပြန်ထားတယ်” ဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နေထိုင်သူလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အိန္ဒိယနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးတွင် မှီခိုနေရသဖြင့် ကာလတာရှည် နယ်စပ်ဂိတ်အား လုံးဝပိတ်ဆို့ထားပါက စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်မှာ မှန်သော်လည်း ယခုလက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ Covid-19 ရောဂါပိုး ဖြစ်ပွားသေဆုံးမှုသည် နေ့စဉ်မြင့်တက်လျက်ရှိပြီး နေ့စဉ် ဓာတ်ခွဲလူနာအသစ်တွေ့ရှိမှုသည်လည်း ပျမ်းမျှ လူဦးရေ ကိုးသောင်းခန့်ရှိကြောင်း၊ နေ့စဉ်သေဆုံးသူ လူဦးသည်လည်း ဦးရေ တစ်ထောင်ခန့်ရှိနေသည့်အပြင် ကမ္ဘာတစ်ဝန်း၌ Covid-19 ရောဂါဖြစ်ပွားသေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း သိရှိရသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို ဖွင့်လှစ်လိုက်ပါက ရောဂါကူးစက်နိုင်ခြေသည် ယခုထက် ပိုမိုများပြားလာနိုင်သည့်အပြင် ဓာတ်ခွဲစစ်ဆေးရန် ဆေးနှင့် ဆေးပစ္စည်းအခက်အခဲများ ကြုံတွေ့လာနိုင်ခြင်းကြောင့် ကုန်သွယ်ခွင့်အား ခွင့်မပြုနိုင်သေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်များတွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌ အိန္ဒိယနိုင်ငံအတွင်းသို့ လူအချို့ ဝင်ထွက်သွားလာနေခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိရသည့်အတွက် တရားဝင် နယ်စပ်ဂိတ်ပေါက်များဖြစ်သော အမှတ် (၁) နှင့် အမှတ် (၂) ဂိတ်တို့ တရားဝင် ပြန်လည်မဖွင့်လှစ်မီ ယင်းသို့ တရားမဝင် မလုပ်ဆောင်ကြရန် တားမြစ်မိန့်အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သို့သော် မြေပြင်တွင် တရားမဝင်ကုန်သွယ်မှုပြုလုပ်သူအချို့ကို အရေးယူနေသော်လည်း တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းပေါင်းများစွာရှိနေသည့်အတွက် အဆိုပါလမ်းကြောင်းများမှတစ်ဆင့် နေ့လယ်နှင့် ညပိုင်းအချိန်အချို့တွင် ကုန်ပစ္စည်းများ အလဲအလှယ်ပြုလုပ်နေကြကြောင်း တမူးမြို့ခံအချို့ကလည်း ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
အိန္ဒိယ-မြန်မာနယ်စပ် ဂိတ်အမှတ် ၁ အား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here