အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သောကြောင့် တမူး-နန်းဖာလုံ ခရီးသည်တင် ခေါက်တိုသုံးဘီးဆိုင်ကယ်မောင်းသူများ စားဝတ်နေရေးခက်ခဲလာ

117

 

မန္တလေး၊ ဒီဇင်ဘာ ၈
မြန်မာနှင့် အိန္ဒိယနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဝင်ထွက် ပေါက်များဖြစ်သည့် အမှတ် (၁) ဂိတ်နှင့် အမှတ်(၂)ဂိတ်တို့ကို မတ် ၉ ရက်ကတည်းက စတင် ပိတ်ပင်ခဲ့ရာ ယခုဆိုလျှင် ပိတ်ပင်ထားမှု ကိုးလတိတိ ကြာမြင့်လာပြီ ဖြစ်သည့်အတွက် တမူးမြို့နှင့် နန်း ဖာလုံ နယ်စပ်ဈေးသို့ ပြေးဆွဲနေသော ခရီးသည်တင် ခေါက်တိုသုံး ဘီးမောင်းသူများမှာ စားဝတ်နေရေး ခက်ခဲလာကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများက ရင်ဖွင့်ပြောကြားသည်။
“ကျွန်တော်တို့ ခေါက်တိုသုံး ဘီးမောင်းသူတွေက တမူးမြို့ထဲကနေ နန်းဖာလုံနယ်စပ်ဈေးသွားမယ့်သူတွေကို အားထားရတာ၊ အခု အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်က ပိတ်ထားတာ ကိုးလရှိပြီ၊ မဖွင့်သေးတော့ သုံးဘီးတွေလည်း မပြေးရဘူး၊ သုံးဘီး မပြေးရတဲ့ ကာလမှာ ဝင်ငွေက လုံးဝပြတ်နေ တော့ စားဝတ်နေရေး တော်တော် အခက်တွေ့နေတယ်ပေါ့၊ ချေးငှားပြီး စားသောက်ရတဲ့ အနေအထား ဖြစ်လာတယ်၊ ဖြစ်နိုင်ရင် မြန်မြန်လည်း ပြန်ဖွင့်စေချင်သလို တစ်ဖက် မှာလည်း Covid-19 ရောဂါပိုး အန္တ ရာယ်က ရှိနေတော့ ဒီရောဂါပိုးကြီး မြန်မြန် ပျောက်ကွယ်သွားစေချင်ပြီ”ဟု တမူး-နန်းဖာလုံခေါက်တို သုံးဘီး ပြေးဆွဲနေသည့် တမူးမြို့ခံ တစ်ဦးက ပြောကြားသည်။
“နန်းဖာလုံဈေးက တစ်ဖက် နိုင်ငံက မိုးရေး-အင်ဖာရ်လမ်းကြောင်း ပွင့်မပွင့်နဲ့ နယ်စပ်ဂိတ် အဖွင့်အပိတ်အပေါ်မှာ မူတည်ပြီး အရောင်းအဝယ်လုပ်ကြရတာ၊ အခုကျ Covid-19 ကြောင့် နယ်စပ်ဂိတ်က လုံးဝပိတ်သွားတော့ သုံးဘီးတွေလည်း လုံးဝမပြေးရတော့ဘူး၊ အရင်က နယ်စပ်ဂိတ်ပိတ်ရင် တောင် တမူးမြို့ကို လာတဲ့ ခရီးသွားလေးတွေရှိတော့ ဟိုနားဒီနား လိုက်ပို့ရတာလေးတွေနဲ့ နည်းနည်း အဆင်ပြေသေးတယ်၊ အခုကျ နယ်စပ်ဈေးလည်းမဖွင့်၊ ခရီးသွားလည်း မရှိတော့ အခုဆို အပြင်ကနေ ချေးငှားပြီး စားသောက်နေရတယ်”ဟု တမူး-နန်းဖာလုံ ပြေးဆွဲ နေသော သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။
တမူးမြို့တွင် Black Tiger ၊ ပြည်ခိုင်ဖြိုး၊ ဇွဲ စသော သုံးဘီး ဆိုင်ကယ်အသင်းသုံးသင်းရှိပြီး နေ့ စဉ် တမူးမြို့တွင်းမှ နန်းဖာလုံနယ် စပ်ဈေးသို့ အသင်းအလိုက် သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း ခရီးသည်တစ်ဦးလျှင် ကျပ်ငါးရာ ဝန်ဆောင်ခယူဆောင်၍ ပြေးဆွဲကြသော်လည်း ယခုအချိန်အထိမူ ရပ်နားထားရဆဲဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here