အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ မဖွင့်သေးသဖြင့် နယ်စပ်ကုန်သွယ်ရေးကားများ ယခုအချိန်ထိ သွားလာ၍မရသေး

155

 

ကလေး၊ ဇွန် ၂၄
အိန္ဒိယနိုင်ငံတွင် ဇွန်လ ဒုတိယပတ် မှစ၍ Covid-19 ရောဂါပိုး တွေ့ရှိသူ စံချိန်တင် များပြားလာသည့်အတွက် အိန္ဒိယ-မြန်မာ နယ်စပ် ဝင်ထွက်ပေါက် လမ်းကြောင်းများ ဖြစ်သော ရိဒ်ခေါ်ဒါရ်နယ်စပ်ဂိတ် နှင့် တမူးနယ်စပ်ဂိတ်တို့ အပါအဝင် ဝင်ထွက် သွားလာနိုင်သည့် နေရာများကို ပိတ်ထားဆဲဖြစ်သဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကားများလည်း ယခုအချိန်အထိ သွားလာ၍ မရသေးကြောင်း ချင်းတောင် တက်ယာဉ်လိုင်းများမှ စုံစမ်းသိရ သည်။

“အခုလို နှစ်နိုင်ငံဂိတ်တွေ ပိတ်ထားတဲ့အတွက် ကျွန်တော်တို့ ကုန်စည်ပို့တဲ့ ဂိတ်တွေလည်း ပိတ် ထားရတာ သုံးလထဲရောက်လာပြီ၊ ကုန်စည်တင်ပို့လို့လည်း မရဘူး၊ တင်သွင်းလို့လည်း မရဘူးပေါ့၊ ဒါ ကြောင့် ကုန်တင်ကားတွေအများစု လည်း တခြားလမ်းကြောင်းဘက် ပြေးတာရှိသလို တချို့လည်း ရပ် နားထားကြရတယ်”ဟု ကလေးမြို့မှ ရိဒ်နယ်စပ်သို့ ပြေးဆွဲလျက် ရှိသော ပန်းချယ်ရီ ကုန်စည်ပို့ ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယခင်က မြန်မာဘက်မှ ကွမ်းသီး၊ စားသောက်ကုန်၊ အထည် အလိပ်နှင့် အသုံးအဆောင် စသော ကုန်ပစ္စည်းများကို ရိဒ်ခေါ်ဒါရ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ကြပြီး အိန္ဒိယနိုင်ငံမှ မြေဆီ နှင့် ဆံပင်များမှာ ပုံမှန် တင်သွင်းမှု ရှိကြောင်း၊ ယခုအခါ အဆိုပါကုန် ပစ္စည်းများအားလုံး ကုန်စည်စီး ဆင်းမှု ရပ်တန့်နေပြီး မည်သည့်အ ခါတွင် ပြန်လည် ဖွင့်လှစ်မည်ကို လည်း မည်သူမျှ မသိရှိကြကြောင်းနှင့် ခန့်မှန်း၍ မရနိုင်သေးကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

“နှစ်နိုင်ငံ နယ်စပ်ဂိတ်က တမင် ပိတ်ထားတာ မဟုတ်ဘဲ Covid-19 ရောဂါ အခြေအနေကြောင့် ပိတ်ထားရတာ ဖြစ်တဲ့အတွက် ဘာမှ မတတ်နိုင်ဘူး၊ ဘယ်တတ်နိုင်ပါ့မလဲပေါ့၊ အိန္ဒိယနိုင်ငံထဲမှာကို မြန်မာပြည်ဘက်ခြမ်းနဲ့နီးတဲ့ မဏိပူရ်ပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ထဲမှာ ပိုးတွေ့တဲ့သူ တော်တော်များတော့ မဖွင့်သေးတာလည်း တစ်မျိုးကောင်းတယ်ပေါ့၊ စီးပွားရေးဘက်မှာတော့ ထိခိုက်တယ်၊ ကျန်းမာရေးအရ ကြည့်ရင်တော့ ဆက်ပိတ်ထားတာ ကောင်းတယ်ပေါ့၊ အိန္ဒိယနိုင်ငံက Second Wave မှာ တော်တော် အထိနာနေ တယ်”ဟု ကလေးမြို့ခံ ကုန်သည် တစ်ဦးက ဆိုသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန် သွယ်မှုပြုရာ၌ ကုန်သွယ်ရေးကား များအားလုံး ကလေးမြို့မှတစ်ဆင့် ဖြတ်သန်းသွားလာရပြီး ယခုအခါ ကလေးမြို့မှ တမူးနယ်စပ်နှင့် ရိဒ် နယ်စပ်သို့ ခရီးသည်တင်ယာဉ် လိုင်းများ ပုံမှန် ပြေးဆွဲနေပြီဖြစ်သော်လည်း ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းများမှာ ယခုအချိန်အထိ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here