အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သောကြောင့် တမူး-နန်းဖာလုံ ခေါက်တိုသုံးဘီးယာဉ်မောင်းများ စား၀တ်နေရေး ခက်ခဲလာ

70

 

က​လေး၊ ​မေ ၂၃

ယနေ့ ကမ္ဘာ့နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်၀င်ထွက်ပေါက်များဖြစ်သည့် အမှတ် (၁)ဂိတ်နှင့် အမှတ် (၂)ဂိတ်တို့ကို မတ် ၉ ရက်ကတည်းက စတင်ပိတ်ပင်ခဲ့ရာ ယခုဆိုလျှင် ပိတ်ပင်ထားမှု နှစ်လခွဲခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် တမူးမြို့နှင့် နန်းဖာလုံနယ်စပ်စျေးသို့ ပြေးဆွဲနေသော ခေါက်တိုသုံးဘီးမောင်းသူများမှာ စား၀တ်နေရေးခက်ခဲလာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများက ရင်ဖွင့်ပြောကြားသည်။

“ကျွန်တော်တို့ ခေါက်တိုသုံးဘီးမောင်းသူတွေက တမူးမြို့ထဲကနေ နန်းဖာလုံနယ်စပ်စျေး သွားမယ့်သူတွေကို အားထားရတာ၊ အခု အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်က ပိတ်ထားတာ နှစ်လကျော်နေပြီ၊ မဖွင့်သေးတော့ သုံးဘီးတွေလည်း မပြေးရဘူး၊ သုံးဘီးမပြေးရတဲ့ကာလမှာ ၀င်ငွေက လုံးဝပြတ်သွားတော့ အခုဆို စား၀တ်နေရေးပါ တော်တော်ကျပ်လာတယ်၊ ချေးငှားပြီး စားသောက်ရတဲ့အနေအထားဖြစ်လာတယ်၊ ဖြစ်နိုင်ရင် မြန်မြန်လည်း ပြန်ဖွင့်စေချင်သလို တစ်ဖက်မှာလည်း Covid-19 ရောဂါပိုး အန္တရာယ်ကရှိနေတော့ ဒီရောဂါပိုးကြီး မြန်မြန်ပျောက်သွားစေချင်ပြီ” ဟု တမူး-နန်းဖာလုံ ခေါက်တိုသုံးဘီး ပြေးဆွဲနေသည့် တမူးမြို့ခံတစ်ဦးက ပြောကြားသည်။

နန်းဖာလုံနယ်စပ်စျေးသည် အိန္ဒိယဘက်မှ ကုန်သည်များ၏ အဓိကစျေး၀ယ်ရာနှင့် အိန္ဒိယနိုင်ငံရှိ မိုးရေးစျေးသည် မြန်မာကုန်သည်များ၏ ကုန်ပစ္စည်းအဓိက၀ယ်ယူရာ စျေးဖြစ်ကာ နယ်စပ်နှစ်ဖက်လုံး နယ်မြေတည်ငြိမ်မှုရှိမှသာ စျေးရောင်းသူ၀ယ်သူများဖြင့် စည်ကားလေ့ရှိသည်။ သို့သော် ပြီးခဲ့သည့် မတ် ၉ ရက်ကတည်းက အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် Covid-19 ရောဂါပိုး စတင်တွေ့ရှိရာမှ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ဖြတ်သန်းသွားလာမှုကို လုံး၀ပိတ်ပင်လိုက်ပြီး ယခုအချိန်အထိ ပိတ်ပင်ထားမှု နှစ်လခွဲခန့်ကြာမြင့်နေပြီဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပိတ်မှုကြောင့် အိန္ဒိယနိုင်ငံ၊ အင်ဖာရ်မြို့နှင့် မိုးရေးမြို့ရှိ ကုန်သည်များ၏ ၀ယ်လိုအားကို အားထားရောင်းချနေရသော နန်းဖာလုံနယ်စပ်စျေးလည်း ပိတ်ထားရသည့်အပြင် အဆိုပါစျေးကို အားထားနေရသည့် တမူး-နန်းဖာလုံ ခေါက်တိုသုံးဘီးများလည်း ပြေးဆွဲမှုလုံး၀ ရပ်ဆိုင်းသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“နန်းဖာလုံစျေးက တစ်ဖက်နိုင်ငံက မိုးရေး-အင်ဖာရ်လမ်းကြောင်း ပွင့်မပွင့်နဲ့ နယ်စပ်ဂိတ် အဖွင့်အပိတ်အပေါ်မှာမူတည်ပြီး အရောင်းအ၀ယ်လုပ်ကြရတာ၊ အခုကျ Covid-19 ကြောင့် နယ်စပ်ဂိတ်က လုံး၀ပိတ်သွားတော့ သုံးဘီးတွေလည်း လုံး၀မပြေးရတော့ဘူး၊ အရင်ကတော့ နယ်စပ်ဂိတ်ပိတ်ရင်တောင် တမူးမြို့ကိုလာတဲ့ ခရီးသွားလေးတွေရှိတော့ ဟိုနားဒီနား လိုက်ပို့ရတာလေးတွေနဲ့ နည်းနည်းအဆင်ပြေသေးတယ်၊ အခုကျ နယ်စပ်စျေးလည်းမဖွင့် ခရီးသွားလည်းမရှိတော့ အခုဆို အပြင်ကနေ ချေးငှားပြီး စားသောက်နေရတယ်” ဟု တမူး-နန်းဖာလုံ ပြေးဆွဲနေသော သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။

တမူးမြို့တွင် Black Tiger ၊ ပြည်ခိုင်ဖြိုး၊ ဇွဲ စသော သုံးဘီးဆိုင်ကယ်အသင်း သုံးသင်းရှိပြီး နေ့စဉ် တမူးမြို့တွင်းမှ နန်းဖာလုံနယ်စပ်စျေးသို့ အသင်းအလိုက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ခရီးသည်တစ်ဦးလျှင် ၀န်ဆောင်ခ ကျပ် နှစ်ရာ ယူဆောင်၍ ပြေးဆွဲကြသော်လည်း လောလောဆယ်တွင်မူ ယာယီရပ်နားထားရကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here