အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းပိုင်းရှိ ပျက်စီးနေသောတံတားများကို ပြုပြင်မှုစတင်

89

 

မန္တလေး၊ ဇန်နဝါရီ
အိန္ဒိယ-မြန်မာချစ်ကြည်ရေး နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကလေး-ကလေးဝလမ်းပိုင်းရှိ ဆိုးရွားစွာ ပျက်စီးနေသည့် ဘေလီတံတားများကို ဇန်နဝါရီ ၉ ရက်မှစ၍ ပြုပြင်မှုများ စတင်လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

“အိန္ဒိယအစိုးရ အကူအညီနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ မစတင်မီ တံတားဦးစီးဌာနက ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းတွေကို ဒီလ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကလေး-ကလေးဝလမ်းပိုင်း တစ်လျှောက်ရှိ ဆိုးရွားစွာပျက်စီးနေသော တံတားများကို ပြုပြင် ရာတွင် သစ်သားကြမ်းခင်းများ လဲလှယ်ခြင်း၊ သံကြမ်းခင်းပြားများ အစားထိုးလဲလှယ်ခြင်း၊ တံတားခါး လည်သံတိုင်များ ထောက်ခြင်းစသည့်လုပ်ငန်းများကို တံတားဦးစီးဌာနမှ စတင်ဆောင်ရွက်နေပြီဖြစ်ကာ လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေးကားများနှင့် ဒေသ တွင်းသွားလာသည့်ကားများ၊ ဆိုင်ကယ်များ သွားလာမှုအဆင်ပြေစေရန် ရှောင်ကွင်းလမ်းများလည်း ဖောက်လုပ်ပေးထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းမကြီး၏ အဓိကကုန်သွယ်မှုလမ်းဖြစ်သော တမူး-ကလေး ကလေးဝလမ်းပိုင်းရှိ တံတားများမှာ နှစ် နှစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်သည့်အတွက် အိုဟောင်းဆွေးမြည့်၍ ကြမ်းခင်းများ ဆိုးရွားစွာပျက်စီးနေသည့်အပြင် ဒေသခံများက ကိုယ်ထူကိုယ်ထ ပြုပြင်သွားလာနေရပြီး ကားများ ဖြတ်သန်းရင်း တံတားများ မတော်တဆ ကျိုးကျခဲ့ပါက ယာဉ်ပိုင်ရှင်များက လျော်ကြေးပေးရမည် ဖြစ်သဖြင့် အဆိုပါတံတားများကို အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း ကလေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တောင်းဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ပြင်ဆင်ပေးမှု အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ကလေး-ကလေးဝလိုင်းကားမောင်းနှင်နေသူအချို့က ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here