အိန္ဒိယအစိုးရက လျှပ်စစ်ကားအစီးရေ တစ်သောင်းဝယ်ယူရန် ကမ္ဘာအနှံ့မှ တင်ဒါခေါ်ယူ

482

အိန္ဒိယနိုင်ငံရှိ အစိုးရဌာနများတွင် အသုံးပြုရန်အတွက် တစ်ခါအား သွင်းထားရုံဖြင့် ကီလိုမီတာ ၁၅ဝ ခရီးအထိ သွားလာနိုင်သော လျှပ်စစ်စွမ်းအင်သုံး ဆီဒန်ကားအစီးရေ တစ်သောင်းဝယ်ယူရန် နိုင်ငံပိုင်စွမ်း အင်ကုမ္ပဏီ Energy Efficiency Services Ltd (EESL) က ကမ္ဘာအနှံ့မှ တင်ဒါများ ခေါ်ယူလျက်ရှိကြောင်း သြဂုတ် ၁၆ ရက်တွင် India Times သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ယင်းမှာ ၂ဝ၃ဝ ပြည့်နှစ်မှ စတင်ကာ အိန္ဒိယနိုင်ငံရှိလမ်းမများပေါ်တွင် လျှပ်စစ်ကားများသာ သွားလာခွင့်ရရေးအတွက် မျှော်မှန်းထားသည့် စွမ်းအင်ဝန်ကြီး Piyush Goyal ၏ အိပ်မက်အား အကောင်အထည်ဖော်ရန် အကြီးမားဆုံးခြေလှမ်းတစ်ခုအား စတင်လိုက်ခြင်း ဖြစ်သည်။ စွမ်းအင်ချွေတာသည့် LED  မီးသီးများ စျေးနှုန်းလျှော့ချရန် အစိုးရ၏အားထုတ်မှုကို ဦးဆောင်ခဲ့သည့် EEFL က လျှပ်စစ်ကားများ ဝယ်ယူနိုင်ရေးကို အဆင့်နှစ်ဆင့်ခွဲကာ ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လျှပ်စစ်ကား အစီးရေ တစ်ထောင်ဝယ်ယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လျှပ်စစ်ကားများ အောင်မြင်မှုရရန် အရေးကြီးဆုံး သော့ချက်မှာ အသုံးပြုရာ နေရာများတွင် အားသွင်းရုံများ လုံလုံလောက်လောက်ရှိခြင်းဖြစ်ပြီး အေစီအားသွင်းရုံ သုံးထောင်နှင့် ဒီစီအားသွင်းရုံ တစ်ထောင်တို့အတွက် EEFL က တင်ဒါများ ခေါ်ခဲ့သည်။

 

”တစ်ခါ အားသွင်းထားရုံနဲ့ ကီလိုမီတာ ၁၂ဝ ကနေ ၁၅ဝ အထိ သွားနိုင်တဲ့ တံခါးလေးပေါက် ဆီဒန်ကားတွေကို ကျွန်တော်တို့ ရှာနေပါတယ်၊ ပထမအဆင့်မှာ ဒေလီက အစိုးရရုံးဌာနတွေနဲ့ National Capital Region မှာ သီးသန့် အသုံးပြုဖို့ အစီးရေတစ်ထောင် လိုပါတယ်၊ ပထမအဆင့်အနေနဲ့ ကားအစီးရေ တစ်ထောင်နဲ့အတူ Delhi-NCR က နေရာအမျိုးမျိုးမှာ အားသွင်းရုံလေးရာထားရှိဖို့ လို ပါတယ်” ဟု EEFL ၏ မန်နေဂျင်း ဒါရိုက်တာ Saurabh Kumar က ပြောသည်။ ၂ဝ၁၅ ခုနှစ်၊ ဧပြီ လကတည်းက ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ကားများအမြန်ဆုံး ထုတ်လုပ်အသုံးပြုနိုင်ရေး အစီအစဉ်အရ အိန္ဒိယတွင် လျှပ်စစ်ကား အသုံးပြုမှုကို အားပေးတိုက်တွန်း လျက်ရှိသည်။

 

လက်ရှိနိုင်ငံတွင်း လျှပ်စစ်စွမ်းအင်သုံး ဆီဒန်ကားများ ထုတ်လုပ်သည့် တစ်ခုတည်းသော ကုမ္ပဏီ Mahindra မှ ထုတ်လုပ်သည့် Verito ကားတန်ဖိုးမှာ ရူပီး ၁၂ သိန်း နှင့် ၁၃ သိန်းကြားရှိရာ EEFL မှ ဝယ်ယူလိုသည့် စျေးနှုန်းနှင့် နီးစပ်ဖွယ်ရှိသည်ဟု ဆိုသည်။ လျှပ်စစ်ကား အသုံးပြုရေးအစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ အသုံးပြုရန် လျှပ်စစ်ကားအစီးရေ လေးသိန်းလိုအပ်မည်ဖြစ်သည်။ သို့သော် လျှပ်စစ်ကားများ အသုံးပြုရန် အခက်အခဲများရှိနေပြီး ယမန်နှစ်က လျှပ်စစ်ကားများနှင့် ဟိုက်ဘရစ်ကားအစီးရေ ၃၂,ဝဝဝ ရောင်း ချနိုင်ခဲ့သော်လည်း ယခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် အစီးရေနှစ်သောင်းခွဲသာ ရောင်းချနိုင်သေးကြောင်း သိရသည်။   Ref: India Times

LEAVE A REPLY

Please enter your comment!
Please enter your name here