အိန္ဒိယနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့သူဦးရေ စံချိန်တင်များပြားလာသည့်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဝင်ထွက်ပေါက်လမ်းကြောင်းများတွင် လုံခြုံရေးတင်းကျပ်

216

ကလေး၊ ဇွန် ၁၂

အိန္ဒိယနိုင်ငံတွင် ယခုဇွန်လ ဒုတိယပတ်၌ Covid-19 ရောဂါပိုးတွေ့ရှိသူ စံချိန်တင်များပြားလာသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ် ဝင်ထွက်ပေါက်လမ်းကြောင်းများဖြစ်သော ရိဒ်ခေါ်ဒါရ်နယ်စပ်ဂိတ်နှင့် တမူးနယ်စပ်ဂိတ်တို့အပါအဝင် ဝင်ထွက်သွားလာနိုင်သည့်နေရာများ၌ လုံခြုံရေးစတင်တင်းကျပ်လိုက်ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“အဓိကကတော့ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို ဝင်ထွက်သွားလာမှုလုပ်နိုင်တဲ့ ရိဒ်နယ်စပ်က တီအိုချောင်းဝန်းကျင်ပေါ့၊ တီအိုချောင်းကနေ မြန်မာဘက်ကို ဖြတ်ကူးလာနိုင်တော့ တရားမဝင်နည်းလမ်းနဲ့ ခိုးဝင်လာတာတွေ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်မှုမရှိစေရေးအတွက် နေ့စဉ်တာဝန်အဆိုင်းချပြီး လုံခြုံရေးပိုကြပ်မတ်ဖြစ်တယ်ပေါ့၊ အခု အိန္ဒိယမှာ Covid-19 ရောဂါပိုးတွေ့တဲ့သူက တအားများလာတယ်လို့ သိထားတယ်” ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ လုံခြုံရေးတင်းကျပ်ရာတွင် နယ်မြေခံရဲ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့အစည်းများပူးပေါင်း၍ အိန္ဒိယ-မြန်မာနယ်စပ် ဝင်ထွက်ပေါက်ဖြစ်သည့် ရိဒ်နယ်စပ် တီအိုချောင်းအနီးဝန်းကျင်တွင် ဝပ်ကင်းများ တာဝန်ချထားပြီး ရိဒ်ခေါ်ဒါရ်မြို့တွင်း၌လည်း လှည့်ကင်း၊ ရပ်ကင်းများ တာဝန်ချကာ လုံခြုံရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြောင်း အဆိုပါမြို့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

“နယ်စပ်ဂိတ်မှာတော့ ဝပ်ကင်း၊ ရပ်ကင်းတွေ တာဝန်ချထားတယ်လို့ သိထားတယ်၊ မြို့ထဲမှာလည်း လှည့်ကင်း၊ ရပ်ကင်းတွေ တောက်လျှောက်လုပ်နေသလို Covid-19 ရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရမယ့်အစီအမံတွေ Mask တပ်ကြဖို့အပါအဝင် ဆောင်ရန်ရှောင်ရန်တွေကို လက်ကမ်းစာစောင်ဝေပြီး အသိပေးသလို လက်ကိုင်စပီကာနဲ့ လှည့်လည်ဆော်သြတာတွေလည်း တောက်လျှောက်လုပ်နေတယ်။ ပြီးတော့ မြို့ဝင်မြို့ထွက်တွေမှာလည်း ရပ်ကွက် Volunteer အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး လူဝင်လူထွက်သွားလာမှု စောင့်ကြည့်စစ်ဆေးတာတွေ၊ Facility Quarantine ထားရှိတဲ့နေရာတွေမှာ လုံခြုံရေးစောင့်ကြည့်တာတွေလည်း နေ့ရောညပါ လုပ်ဆောင်နေတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇွန် ၁၀ ရက် ညနေ ၆ နာရီအထိ ဓာတ်ခွဲစစ်ဆေးချက်အရ အိန္ဒိယနိုင်ငံတွင် ပိုးတွေ့ရှိသူစုစုပေါင်း ၂၈၈,၀၆၁ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၁၄၁,၃၆၄ ဦးရှိကာ မြန်မာနယ်စပ်နှင့်နီးစပ်သည့် အိမ်နီးချင်း မဏိပူရ်ပြည်နယ်တွင် ပိုးတွေ့ရှိသူ ၃၄၂ ဦး၊ ပျောက်ကင်းသူ ၆၄ ဦး၊ မီဇိုရမ်ပြည်နယ်တွင် ပိုးတွေ့ရှိသူ ၁၀၂ ဦး၊ ရောဂါပျောက်ကင်းသူ တစ်ဦးအထိရှိ၍ ရောဂါဖြစ်ပွားမှုလည်း တရိပ်ရိပ်တိုးလာကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် သိန်းနှင့်ချီသည့် မြန်မာလုပ်သားများ အိန္ဒိယနိုင်ငံ၏ ပြည်နယ်များတွင် ရှိနေသည့်အတွက် အထူးသဖြင့် တမူး၊ ကလေး၊ ရိဒ်ခေါ်ဒါရ်၊ တီးတိန် စသော မြို့များတွင် ကြိုဆိုလက်ခံရေးနှင့် စနစ်တကျပို့ဆောင်ရေးတို့ကို စနစ်တကျပြင်ဆင်လုပ်ဆောင်ထားသင့်ပြီး ဂရုမစိုက်ပါက မြန်မာနိုင်ငံ၏ ဒုတိယလှိုင်းသည် အိန္ဒိယနယ်စပ်ဒေသများမှ စတင်ဖြစ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ရိဒ်ခေါ်ဒါရ် ပြန်/ဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here