အိန္ဒိယဆိုင်ကယ် ၀ယ်လိုအားရှိသော်လည်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားဆဲဖြစ်၍ တင်သွင်းရောင်းချ၍မရနိုင်သေးဟုဆို

556

 

တမူး၊ ​မေ ၁၂

အိန္ဒိယဆိုင်ကယ်များ ၀ယ်လိုအားရှိသော်လည်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ခြင်းမရှိသေးသည့်အတွက် မြန်မာဘက်သို့ တင်သွင်းရောင်းချနိုင်ခြင်းမရှိသေးကြောင်း ဒေသခံဆိုင်ကယ်ကုန်သည်များထံမှ သိရသည်။

” အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေပိတ်သွားပြီးတဲ့နောက်ပိုင်း ဆိုင်ကယ်တင်သွင်းတာလည်း လုံး၀ရပ်သွားတယ်၊ နယ်စပ်ဂိတ်တွေက အခုအချိန်ထိ ပိတ်ထားဆဲဆိုတော့ ဆိုင်ကယ်တွေက ထပ်သွင်းလို့မရသေးဘူး၊ နယ်စပ်ဂိတ်မပိတ်မီက တင်သွင်းထားတဲ့ လက်ကျန်ဆိုင်ကယ်တွေကလည်း အခုရောင်းကုန်သွားပြီ၊ နောက်ထပ်လည်း ၀ယ်လိုအားရှိတယ်၊ ဒါပေမဲ့ လမ်းမဖွင့်သေးတော့ ထပ်သွင်းလို့လည်းမရသလို ရောင်းစရာလည်းမရှိဘူး ဖြစ်နေတယ်” ဟု အိန္ဒိယဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချနေသည့် တမူးမြို့ခံ ကိုမျိုး၀င်းက ပြောသည်။

အိန္ဒိယဆိုင်ကယ်များကို မြန်မာပြည်တွင်းသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းရောင်းချနေသည်ဆိုသော်လည်း အင်ဖာ-မိုးရေး-တမူးနယ်စပ်ဂိတ်မှ တင်သွင်းရောင်းချမှုမှာလည်း ပုံမှန်ရှိနေဆဲဖြစ်ကြောင်း၊ ယခုအခါ မိုးရေး-တမူးလမ်းကြောင်း အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များမှာ ပိတ်ထားဆဲဖြစ်သောကြောင့် နယ်စပ်လမ်းကြောင်းမှ ဆိုင်ကယ်တင်သွင်းမှုကို အားထားလုပ်ကိုင်နေသော ကုန်သည်များနှင့် ဆိုင်ကယ်အရောင်းဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ ထပ်မံသိရသည်။

“နယ်စပ်ဂိတ်ကနေ အိန္ဒိယဆိုင်ကယ်တွေ တင်သွင်းမှုရပ်ဆိုင်းသွားပေမဲ့ ဆိုင်ကယ်စျေးအပြောင်းအလဲတော့ မရှိပါဘူး၊ စျေးလည်းထပ်မတက်သလို အရင်စျေးထက်လည်း မကျဘူး၊ အခုအချိန်ထိတော့ လမ်းကြောင်းက ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူး” ဟု အိန္ဒိယဆိုင်ကယ်များ တင်သွင်းရောင်းချနေသူ တမူးမြို့ခံ ကိုမောင်မောင်က ဆိုသည်။

မိုးရေး-တမူးလမ်းကြောင်းမှ တင်သွင်းလာသော အိန္ဒိယ Yamaha FZS, Ray Z စသော ဆိုင်ကယ်များကို တမူး၊ ကလေး၊ ဂန့်ဂေါ စသည့် ဒေသများအပါအ၀င် မြို့အများစုမှ ၀ယ်ယူကြလေ့ရှိကာ မေ ၁၂ ရက်တွင်မူ အိန္ဒိယ Yamaha FZS တစ်စီးလျှင် ကျပ် ၂၄ သိန်း၊ Yamaha Ray Z တစ်စီးလျှင် ကျပ် ၁,၅၅၀,၀၀၀ စသော နှုန်းထားများစျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here