အိန္ဒိယဆိုင်ကယ်ကုမ္ပဏီ TVS မှ ၂ဝ၁၈ မိုဒယ် Dazz ဆိုင်ကယ်များနှင့် ထုတ်ကုန်သစ် X3i 125 ဆိုင်ကယ်များ စျေးကွက်အတွင်းစတင်ဝင်ရောက်

726

မန္တလေး၊ မေ

အိန္ဒိယနိုင်ငံတွင် နာမည်ရ Brand တစ်ခုဖြစ်သော TVS ကုမ္ပဏီမှ ၂ဝ၁၈ မိုဒယ် Dazz ဆိုင်ကယ်အမျိုးအစားနှင့် ထုတ်ကုန်သစ်အဖြစ် TVS X3i 125 ဆိုင်ကယ်အမျိုးအစားတို့ကို မြန်မာပြည်စျေးကွက်အတွင်းသို့ မေလ စတုတ္ထပတ်မှ စတင်ဖြန့်ချိလိုက်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

”TVS Dazz ဆိုင်ကယ်ကတော့ အခု ၂ဝ၁၈ မိုဒယ်မှာ စတစ်ကာနဲ့ ကာလာအရောင်ရယ် ဆိုင်ကယ်နောက်မြီးရယ် ပြောင်းသွားတယ်၊ တခြားအစိတ်အပိုင်းတွေကတော့ ၂ဝ၁၇ မိုဒယ်နဲ့ အတူတူပဲ၊ အခု ၂ဝ၁၈ မိုဒယ်မှာ ဆိုင်ကယ်နောက်မြီးက Rock Z ဘီးပုံစံမျိုး ဖင်ချွန်းနဲ့ ဖြစ်သွားတယ်၊ ပြီးတော့ ကာဗာမှာ Dazz ဆိုတဲ့ စာလုံးက အသားတံဆိပ်နဲ့ စာလုံးကြီးဖြစ်သွားတယ်၊ ဦးထုပ်ချိတ်က ရှေ့ရောနောက်ရော ချိတ်နှစ်ချိတ်ပါတယ်၊ အရောင်ကတော့ အခု ၂ဝ၁၈ မိုဒယ်မှာ အနီ၊ လိမေ္မာ်ဖြူ၊ ဖြူပြာရောင်၊ အနက်ရောင်ဆိုပြီး အရောင်သုံးရောင်ထွက်တယ်” ဟု မန္တလေးမြို့ ‘TVS ဆိုင်ကယ်ကုမ္ပဏီ’ အရောင်းတာဝန်ခံ မယဉ်ငြိမ်း က ပြောသည်။

၂ဝ၁၈ မိုဒယ် TVS Dazz ဆိုင်ကယ်သည် အင်ဂျင်ပါဝါ 110 CC ဖြစ်ပြီး ဆီစားသက်သာသည့် အပြင် ကာဗာများကို ကာဗွန်ဖိုင်ဘာများ သုံးထားသကဲ့သို့  Tubeless တာယာ၊ ဘရိတ်ကိုလည်း ရှေ့ Disc နောက် Hub ပုံစံတပ်ဆင်ထားသည်။ အဆိုပါဆိုင်ကယ်ကို အင်ဂျင် ၂ နှစ်အာမခံပေးထားပြီး တစ်စီးလျှင် ကျပ် ၁၂ သိန်း ကိုးသောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”အခု 2018 Dazz ကို ဆီစားသက်သာအောင် ထုတ်လုပ်ပေးထားပါတယ်၊ တစ်လီတာကို ၄၈ ကီလိုမီတာ မောင်းနှင်နိုင်မယ်၊ Warranty ကာလအတွင်းမှာ လာပြင်ရင် လက်ခအခမဲ့ ပြင်ဆင်ပေးပါတယ်”ဟု ယင်းကုမ္ပဏီမှ အရောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

ယခုနှစ် မေလ စတုတ္ထပတ်အတွင်းမှ ပြည်တွင်းစျေးကွက်အတွင်းသို့ ထုတ်ကုန်သစ်အဖြစ် စတင် ဝင်ရောက်လာသော TVS X3i 125 ဆိုင်ကယ်တွင်လည်း အင်ဂျင်ကို TVS ၏ နာမည်ကျော် Rock Z အင်ဂျင် 125 CC အသုံးပြုထားပြီး ရင်အုပ်တွင် ရှေ့မီးကြီး တပ်ဆင်ပေးထားကာ ခြေနင်းတန်းကို သတ္တုသားအသုံးပြုထားကြောင်း၊ အိပ်ဇောကိုလည်း Neo 110 အိပ်ဇော အသုံးပြုထားကြောင်း၊ အင်ဂျင်အေးစေရန် Turbo တပ်ဆင်ပေးထားပြီး I Econo စနစ်ပါရှိ၍ ဆီစားသက်သာမည် ဖြစ်ကြောင်း TVS ကုမ္ပဏီမှ ထပ်မံသိရသည်။

”အခု TVS X3i 125 ကို ဂါဗနာ Type နဲ့ထုတ်ထားသလို ဂီယာလေးချက်ကိုမှ ကလပ်ရော တပ်ဆင်ပေးထားတယ်၊ ကလပ်ပါတဲ့အတွက် Speed ကို ထိန်းချုပ်နိုင်သလို တောင်တက်ခရီးမှာ ရုန်းအားကောင်းအောင် ထောက်ပံ့ပေးနိုင်မယ်၊ အရောင်ကတော့ လိမေ္မာ်နက်၊ အပြာနက်၊ ခဲရောင် စတဲ့ အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ပေးထားတယ်” ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောသည်။

အဆိုပါ TVS X3i 125ဆိုင်ကယ်ကို မန္တလေးမြို့တွင် မေလ စတုတ္ထပတ်အတွင်း တစ်စီးလျှင် ကျပ် ၁၁ သိန်းခွဲဖြင့် ရောင်းချမည် ဖြစ်ပြီး အင်ဂျင် ၂ နှစ် အာမခံ ပေးထားကြောင်း သိရသည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here