အိတ်ကပ်ထဲမှာ ငွေနှစ်ရာ

670

ကြိုတင်သိထားပြီ ဖြစ်သည်။ သို့သော် အခုလောက် မြန်လိမ့်မည်ဟု မထင်မိ။ နောက်ထပ် နှစ်ရက်၊ သုံးရက်ခန့်ကြာလိမ့်ဦးမည်ဟု ထင်ထားသည်။ ဒေါ်ယဉ်မေဦး ကလည်း မန္တလေးမှ ရဲမာန်သီဟ လာလိမ့်မည်၊ စာကြည့်တိုက်အတွက် စာအုပ်များ လာဝယ်လိမ့်မည်၊ အပြန်တွင် ဆရာချစ် ကို တစ်ခါတည်း ခေါ်သွားမည်ဟု ပြောသည်။

ရဲမာန်သီဟ မနေ့က မန္တလေးမှ ရထားဖြင့် ထွက်လာသည်။ ယနေ့ နံနက် ရန်ကုန်ရောက်မည်၊ ရန်ကုန်ရောက်လျှင် သန်လျင်မှာ တည်းမည်၊ နားနားနေနေ နေလိမ့်ဦးမည်။ ဒီအတိုင်း ကျွန်တော်ကြိုတွက်ထား၏။

နေ့လယ် တစ်နာရီတွင် ကျောင်းကြီးလမ်း ပြန်/ဆက်ရုံးမှာ ‘ရသစာပေ စာပေ စကားဝိုင်း’ ပြုလုပ်၏။  စကားဝိုင်းတွင် ကျွန်တော်နှင့် ဦးကြီးမြင့်(ကျော်ဇော်) က ဦးဆောင်ဆွေးနွေးပြီး ဒေါ်ခင်မျိုးဝင်း(ခိုင်ဝင်းမွန်သက်)က ကြားခံဆွေးနွေးသည်။

စာပေစကားဝိုင်းကို ကြည့်မြင်တိုင် မြန်စာချစ်အဖွဲ့ဝင်တင်မကဘဲ မိခင်ကလေး စောင့်ရှောက်ရေးမှ ဝါသနာရှင်များပါ တက်ရောက်အားဖြည့်ပေးသဖြင့် စကားဝိုင်းက တော်တော်လေး စိုစိုပြည်ပြည် ဖြစ်သွားသည်။ ပြန်/ဆက်ဦးစီးမှူး ဒေါ်သဲစုအောင် က ခွင့်ယူထားသဖြင့် မတက်ရောက်နိုင်ခဲ့။ သို့တိုင် ပြန်/ဆက်ရုံးမှာ စာပေစကားဝိုင်း ကျင်းပနိုင်ရေးအတွက် စီစဉ်ပေးသွားသည့်အတိုင်း ဝန်ထမ်းများက ပြင်ဆင်ပေးထားသဖြင့် နေရာထိုင်ခင်းကိစ္စလည်း အဆင်ပြေချောမွေ့ခဲ့သည်။

စာပေစကားဝိုင်းသို့ ဒေါ်ယဉ်မေဦးနှင့် ရဲမာန်သီဟ အချိန်မီရောက်လာကြသည်။ စာပေစကားဝိုင်းမှာ ဝင်ရောက်ဆွေးနွေးကြ၏။

”ဆရာ ကျွန်တော်တို့ ဒီညနေ ခရီး စထွက်ကြမယ်”

စကားဝိုင်း ပြီးရုံရှိသေး၏။ ရဲမာန်သီဟ က ခရီးထွက်ဖို့ စပြောလာသည်။

”အခုညနေ စထွက်မယ်ဟုတ်လား”

”ဟုတ်တယ် ဆရာ၊ ဘဒွေးတို့အလှူ က စလင်းမှာ ဖိန်းနွှဲခါ စမှာလေ၊ သူက သန်ဘက်ခါ အကြိုနေ့အရောက် ဆရာ့ကို လာစေချင်တယ်တဲ့၊ အဲဒါ ဒီနေ့ စထွက်မှ ဖြစ်မှာ”

”မင်း စာအုပ်လှူဖို့ စာအုပ်တွေ ဝယ်စရာရှိသေးတယ်ဆို”

”ဝယ်ပြီးပြီဆရာ၊ ကျွန်တော်နဲ့ ဆရာမ ဒေါ်ယဉ်မေဦး ဒီကိုမလာခင် မနက်ကတည်းက ၃၇ လမ်းမှာ ဝင်ဝယ်ပြီး အဲဒီက ဝယ်တဲ့ဆိုင်မှာပဲ ဒီညနေလာယူမယ်ဆိုပြီး အပ်ထားခဲ့တယ်”

”စာအုပ်က ဘယ်လောက်များသလဲ”

”စာကြည့်တိုက်အတွက် ဆရာမ ဒေါ်ယဉ်မေဦးက အုပ်တစ်ရာ၊ ကျွန်တော် က အုပ်တစ်ရာ စုစုပေါင်း အုပ်ရေနှစ်ရာ လှူမှာလေ အားလုံးစီစဉ်ထားပြီးပြီ၊ ကျွန် တော်တို့ အလှူကပြန်လာတာနဲ့ အုန်းချော က အမှတ်(၄) လုံခြုံရေးတပ်ရင်းမှာ လှူဖို့ ပြောထားပြီးပြီ”

”ကဲပါ အခုတစ်ခါတည်း သွားဖို့ ပြင်တော့”

”တစ်ခါတည်း သွားရအောင် အဝတ် အစားတွေ အိမ်မှာ သွားယူရဦးမယ်လေ၊ ချက်ချင်းကြီးဆိုတော့ ဘာမှ အဆင်သင့် မလုပ်ရသေးဘူး”

”ဒါဆိုလည်း ဒီလိုလုပ် ဆရာချစ်”

”ဘယ်လိုလဲ”

”တက္ကစီတစ်စီးငှားပြီး ဆရာချစ်အိမ်မှာ အဝတ်အစားတွေ သွားယူမယ်၊ ပြီးရင် အဲဒီကားနဲ့ မြို့ထဲမှာ စာအုပ်တွေ ဝင်တင်မယ်၊ ပြီးရင် အဲဒီကားနဲ့ပဲ အဝေးပြေးဝင်းထဲအထိ တစ်ဆက်တည်း ငှားသွားမယ်”

ရဲမာန်သီဟက အစီအစဉ်ဆွဲ၏။ သူ့ အစီအစဉ်အတိုင်း ကျွန်တော် လက်ခံလိုက်သည်။ ငှားထားသော တက္ကစီဖြင့် အိမ်ကိုသွား၏။ အိမ်ရောက်သည်နှင့် အဝတ်အစားများ အိတ်ထဲထည့်သည်။ အိမ်တွင် သားငယ်တစ်ယောက်ပဲ ရှိ၏။ အမျိုးသမီးက စျေးသွားနေသည်။ စျေးသွားပြီဆိုကတည်း က ကျွန်တော့်အတွက် ပိုက်ဆံအခက်အခဲဖြစ်သွားသည်။ သော့က သူ့ဆီပါသွား၏။ သူပြန်လာမှ သော့ပါလာမည်။ သော့ပါလာမှ ပိုက်ဆံရပေမည်။

ခရီးသွားဖို့ လိုသေးသည်အထင်နှင့် ကျွန်တော် ပိုက်ဆံအဆင်သင့်ယူမထားမိ။ နံနက်က စာပေစကားဝိုင်းသွားတော့ အိတ်ထဲ ပိုက်ဆံ ၁၅ဝဝ ပဲ ထည့်သွားသည်။ လမ်းရောက်မှ ဖုန်းဘေလ်ကုန်မှန်းသိသဖြင့် ဖုန်းဘေလ်တစ်ထောင်ဖိုး ဖြည့်လိုက်သည်။ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်တော့ သုံးရာ ကုန်သွားသည်။ အိတ်ကပ်ထဲတွင် ငွေကျပ်နှစ်ရာတိတိပဲ ကျန်တော့၏။

အမျိုးသမီးက စျေးသွားနေသည်၊ သော့ပါသွားသည်။ အိတ်ထဲမှာ ကျပ်နှစ်ရာပဲရှိသည်။ ခရီးက ချက်ချင်းထွက်ရမည်။ ထွက်ရမည့်ခရီးက နီးနီးနားနား မဟုတ်။ နေ့ချင်းပြန်မဟုတ်။ ဘယ်နှရက် ကြာမည် ကိုပင် ကြိုတင်တွက်ဆမရနိုင်။

”ဆရာချစ် ပြီးရင် သွားကြမယ်လေ၊ ကားဆရာ အကြာကြီးစောင့်နေရဦးမယ်”

”အေးပါကွာ၊ ပြီးပါပြီ”

အမျိုးသမီး စျေးအပြန်ကို စောင့်နေလို့ မဖြစ်တော့။ သူက ဘယ်အချိန်ပြန်ရောက်မည် မသိ။

ဖြစ်ချင်ရာဖြစ်။ အိတ်ထဲတွင်ရှိသော ငွေနှစ်ရာဖြင့် ခရီး စထွက်ခဲ့သည်။

မြို့ထဲ ၃၇ လမ်း အောင်သူစာပေတွင် ရဲမာန်သီဟ ဝယ်ထားသော စာအုပ်များကို ကားဖြင့်ပတ်သယ်ပြီး အောင်မဂင်္လာအဝေးပြေးသို့ ဆက်သွားခဲ့၏။ ကားလမ်းကြောက တော်တော်လေး ပိတ်နေသည်။ ၃၇ လမ်း မှ ကားစထွက်တော့ ငါးနာရီ ရှိသေး၏။ အဝေးပြေးဝင်းရောက်တော့ ညရှစ်နာရီ ထိုးနေချေပြီ။

မန္တလေးသွားရန် ကားလက်မှတ်ဝယ်၏။ ဘယ်မှာမှ ဝယ်မရ။ လက်မှတ်တွေ ဂိတ်တိုင်းလိုလို ကုန်နေသည်။ ပြင်ဦးလွင် ကိုလည်း လက်မှတ်ဝယ်မရ။ ရုံးပိတ်ရက် လေးရက်တွင် အိမ်အပြန် ခရီးသည်များ၍ လက်မှတ်များ ကုန်နေကြောင်း သိရသည်။

ကားဂိတ်ပေါင်းစုံ ကိုယ်တိုင် လိုက်ဝယ်ရုံသာမက ပွဲစားများနှင့်ပါ လက်မှတ်လိုက်ဝယ်သည်။ ဘယ်မှာမှမရသည့်အဆုံး မန္တလာမင်းကားလက်မှတ်ဝယ်ပြီး နံနက် စောစောထွက်သည့်ကားဖြင့်လိုက်ရန် ဆုံး ဖြတ်ရတော့သည်။

စာအုပ်များ၊ ပစ္စည်းများက များနေသဖြင့် အိမ်ပြန်နား၍မဖြစ်တော့။ ကားဝင်းထဲမှ သီရိစံတည်းခိုရိပ်သာတွင်ပင် အခန်း သုံးခန်းယူ၍ သုံးယောက်သား ညအိပ်နားရ တော့၏။ ဒေါ်ယဉ်မေဦးက ကျွန်တော် ဆေးလိပ်ကြိုက်တတ်မှန်း သိသဖြင့် စီးကရက် တစ်ဘူး ဝယ်ပေးထားသည်။ ရဲမာန်က ထမင်း၊ လက်ဖက်သုပ် အစအဆုံး တာဝန်ယူထား၏။

သူတို့မှ တာဝန်မယူလျှင်လည်း ကျွန်တော် ဘာမှမတတ်နိုင်။ ကျွန်တော့်တွင် နှစ်ရာကျပ်တန် ငွေစက္ကူတစ်ရွက်သာ ရှိသည် မဟုတ်ပါလား။

နောက်တစ်နေ့ နံနက် ကိုးနာရီတွင် မန္တလာမင်းကားဖြင့် ရန်ကုန်မှ စတင်ထွက် ခွာလာခဲ့သည်။ ကားက မန္တလေးကား မဟုတ်၊ ပြင်ဦးလွင်ကားဖြစ်သည်။ ကျွန်တော်တို့က အုန်းချောကို သွားရမည်။ မန္တလေးကားက အုန်းချောကို မရောက်။ ပြင် ဦးလွင်ကားစီးမှ အဆင်ပြေသည်။ ပြင်ဦးလွင်ကားက အုန်းချောမှ ဖြတ်သွားရသဖြင့် အုန်းချောတွင်ဆင်းရန် အလျဉ်းသင့်သည်။

အဝေးပြေးကားကို ညဘက်စီးခြင်း နှင့် နေ့ဘက်စီးခြင်း အရသာကွာသည်။ ညဘက်စီးရသည်က တိတ်ဆိတ်မှုတော့ရှိ၏။ အပြင်ဘက်ကို မမြင်ရ။ အပြင်ကို မမြင်ရသဖြင့် မိမိဘယ်ရောက်နေသည်ကိုပင် မှန်းဆ၍မရနိုင်။

နေ့ဘက်စီးရသည်ကတော့ ရှင်းသည်။ အပြင်ဘက်ကို ထင်ထင်ရှားရှား မြင်ရ၏။ ဘယ်နေရာရောက်ပြီကို ခန့်မှန်းစရာမလိုဘဲ ကြည့်ရုံနှင့်သိနိုင်သည်။ သဘာဝ စိမ်းစိုနေသော လယ်ကွင်းများ၊ သစ်ပင်များ၊ အပြာရောင်ကောင်းကင်၊ တိမ်တိုက် တိမ်လိပ်များ၊ မျက်စိပသာဒအပြည့်အဝ ခံစားနိုင်၏။

အခြားသူတွေကတော့ မသိ။ ကျွန်တော်ကတော့ နေ့ဘက်ခရီးသွားရသည်ကို ပိုမိုသဘောကျသည်။ ခရီးသွားရင်း ချွန်ရှုပ်ကို သတိရမိ၏။ ခါတိုင်း ကျွန်တော် နှင့်အတူ ချွန်ရှုပ် ပါနေတတ်သော်လည်း ယခု ချွန်ရှုပ်မပါခဲ့။ ပြီးခဲ့သည့် သုံးလေးရက်ကပင် ချွန်ရှုပ် မော်လမြိုင်ဘက် ခရီး ထွက်သွား၏။ ချွန်ရှုပ်မပါတော့ ကျွန်တော့်အဖို့ အထီးကျန်သလို ခံစားမိသည်။ ရဲ မာန်သီဟနှင့် ဒေါ်ယဉ်မေဦး ပါနေသေး၍ တော်နေသေးသည်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း ငေါင်စင်းစင်း ဖြစ်နေမှာ သေချာ၏။

မန္တလာမင်းကားက ၁၁၅ မိုင်တွင် တစ်ထောက်နား၏။ ၃၁၇ မိုင်တွင် တစ်ထောက်နားသည်။ နှစ်နေရာပေါင်း နားချိန် တစ်နာရီခွဲခန့်မှလွဲ၍ တောက်လျှောက်မောင်းသည်။ ညနေ နေဝင်ရီတရော ခြောက်နာရီခွဲခန့်တွင် အုန်းချောကိုရောက်၏။ အုန်းချောကိုရောက်သည်နှင့် ကျွန် တော်တို့ကားပေါ်ကဆင်းသည်၊ ပစ္စည်းများချသည်။ ကားက ပြင်ဦးလွင်အရောက် ဆက်သွားမည်ဖြစ်၏။

အုန်းချောတွင် မြန်မာစာပေချစ်မြတ်နိုးသူများအသင်း(မန္တလေး) နှင့် ရွှေပြည်တော်မှုခင်းနှင့် သတင်းစုံဂျာနယ် သတင်း စုဆောင်းရေး(မန္တလေး) ရုံး တွဲဖွင့်ထားသည့် ရုံးခန်းရှိသည်။ ပြီးတော့ အလှူရှင်တစ်ဦးလှူထားသော မတ်ခ်တူးအဖြူရောင် ကားတစ်စီးရှိသည်။ ကားရှေ့မှန်တွင် ‘မြန် မာစာပေချစ်မြတ်နိုးသူများအသင်းနှင့် ရွှေပြည်တော်မှုခင်းနှင့် သတင်းစုံဂျာနယ် မန္တ လေးတိုင်းဒေသကြီး သတင်းစုဆောင်းရေး’ ဟု ရေးထားသော စတစ်ကာကပ်ထားသည်။  ဒီရုံး၊ ဒီကားကို ရဲမာန်သီဟ အသုံးပြုသည်။

ရုံးခန်းတွင်ပင် ညအိပ်ကြသည်။ အိပ်ရာမှ နိုးတော့ ရဲမာန်မရှိ။ ကားတစ်စီးဖြင့် အပြင်ထွက်သွားသည်။ ကျွန်တော်တို့ ရောက်ကြောင်း ကြားသိသဖြင့် တပည့် များရောက်လာကြ၏။ မန္တလေး၊ ပြင်ဦးလွင်လမ်း ၂၁ မိုင်မှ ဇင်မင်းကိုကိုတို့ လင်မယားက ကျွန်တော်ကြိုက်သည့် ပဲပွကြော် အပျော့ ဝယ်လာသည်။ အခြားသူများကလည်း စားစရာများ ပါလာပြန်၏။

အားလုံးစုံ၍ စကားပြောနေစဉ် ရဲမာန် ပြန်လာသည်။ အမှတ်(၄) လုံခြုံရေးရဲတပ်ရင်း(ရွှေစာရံ) က စာကြည့်တိုက်အတွက် စာအုပ်လှူဒါန်းပွဲပြုလုပ်ဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်း ပြော၏။

ပထမအစီစဉ်က စလင်းက ပြန်လာမှ စာအုပ်လှူဒါန်းပွဲပြုလုပ်ရန် စီစဉ်ထားသည်။ ယခုအစီအစဉ်က ပြောင်းသွား၏။ သူတို့အားလုံးစီစဉ်ထားပြီဆိုတော့လည်း စလင်းသွားမည့်အစီအစဉ်ကို တစ်ရက်နောက်ဆုတ်ရုံမှတစ်ပါး အခြားမရှိပြီ။

ပြောင်းလိုက်သည့် အစီအစဉ်အတိုင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံ အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ စာကြည့်တိုက်အတွက် စာအုပ် အုပ်ရေ ပေါင်း ၁၇ဝ လှူဒါန်းပွဲပြုလုပ်ခဲ့သည်။ ဒေါ်ယဉ်မေဦးနှင့် ရဲမာန်သီဟက သူတို့ဝယ်ယူစုဆောင်းလာသော သုတ၊ ရသစာပေများကို တပ်ခွဲမှူး ရဲမှူး ဝေဖြိုးကျော်လက်သို့ ပေးအပ်လှူဒါန်းသည်။ ဇင်မင်းကိုကို၊ ချစ်စော (ပြင်ဦးလွင်)၊ ကိုကျော်မြင့်နှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဆယ်ခန့် အခမ်းအနားသို့ တက်ရောက်ကြသည်။

ကျွန်တော်နှင့် တပ်ခွဲမှူး ရဲမှူး ဝေဖြိုးကျော်တို့က မုဒိတာစကား ပြောကြားခဲ့ကြပြီး ရဲတပ်ဖွဲ့ခွဲက လက်ဖက်ရည်၊ မုန့် များဖြင့် ဧည့်ခံသည်။ စည်လုံးညီညွတ်ပျော်ရွှင်စွာဖြင့် စာအုပ်လှူဒါန်းပွဲအလှူတစ်ခု ပြီးသွားသည်။

အလုပ်တစ်ခု ပြီးသွားပြီဟူသောအသိကြောင့် ရင်ထဲပေါ့သွား၏။ အဲဒီလိုမှ မဟုတ်ရင် ရှေ့သို့သာ ခရီးဆက်နေရမည်။ ဒီအလုပ်လုပ်ရဦးမည် ဟူသောအသိက ဖိအားတစ်မျိုး ဖြစ်နေနိုင်သည်။

”စာအုပ်လှူဒါန်းပွဲ ပြီးသွားပြီဆိုတော့ ငါတို့ဆက်သွားရမယ့်ခရီးအတွက် နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့၊ သွားစရာ လာစရာရှိတာ စိတ်အေးအေး လူအေးအေး သွားလို့ရတာပေါ့”

”ကျွန်တော်တို့ ဒီညနေ ခရီးဆက်မယ်ဆရာ”

”ဆက်လေ”

ခရီးဆက်ဖို့အတွက် ရဲမာန်က ကားဆီဖြည့်သည်။ ဒေါ်ယဉ်မေဦးက လမ်းသွားရင်း အဆာပြေစားဖို့ စားစရာဝယ်သည်။ အထူးသဖြင့် သူက ကွမ်းကြိုက်သည်မို့ ကွမ်းယာ လုံလုံလောက်လောက် ဝယ်သည်။ ကျွန်တော့်အတွက်ပါ စီးကရက်တစ်ဘူး ဝယ်လာ၏။

သွားရမည့်ခရီးက ဘယ်လောက်ကြာဦးမည်မသိ၊ ဘယ်တွေရောက်ဦးမည်မသိ။ ယခုပင်ကြည့်။ ကြည့်မြင်တိုင်စာပေစကားဝိုင်းပြီးတာနှင့် မန္တလေးရောက်လာခဲ့သည်။ ရွှေစာရံ အမှတ်(၄) လုံခြုံရေးတပ်ခွဲ စာကြည့်တိုက်တွင် စာအုပ်လှူဒါန်းပွဲ ရောက်ခဲ့ပြီးပြီ။

ခရီး စထွက်ကတည်းက ကျွန်တော့်အိတ်ထဲတွင် ပါလာသော နှစ်ရာကျပ်တန် ငွေစက္ကူက အိတ်ကပ်ထဲတွင် အိပ်ပျော်နေဆဲ ရှိသေးသည်။

ဆက်လက်သွားရမည့် ခရီးစဉ်နှင့် ကျွန်တော့်အိတ်ကပ်ထဲက ငွေကျပ်နှစ်ရာ။

ရင်တော့ခုန်မိသည်။

ဆက်လက်ဖော်ပြပါမည်

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here