အိတ်ကပ်ထဲမှာ ငွေနှစ်ရာ

601

ယခင်တစ်ပတ်မှအဆက်

ဆက်လက်သွားရဦးမည့် ခရီးစဉ်နှင့် ကျွန်တော့်အိတ်ကပ်ထဲမှ ငွေကျပ်နှစ်ရာ။

ရင်တော့ ခုန်မိသည်။

ရင်ခုန်စွာဖြင့်ပင် ရဲမာန်သီဟ ခေါ်ဆောင်ရာခရီးသို့ လိုက်ပါခဲ့ရသည်။ ရဲမာန်သီဟ အမျိုးသမီး၏ မိဘများက စလင်းတွင် နေသည်။ သူ့ညီမ မဂင်္လာဆောင်ရှိသဖြင့် ကျွန်တော်တို့နှင့်အတူ ရဲမာန်သီဟ အမျိုးသမီးနှင့် ကလေးပါ လိုက်ပါလာခဲ့သည်။

ည ၁ဝ နာရီခန့်တွင် အုန်းချောမှ ကားစထွက်သည်။ ကားကို ရဲမာန်မောင်း၏။ တစ်ခါတစ်ခါ ကားကို အရှိန်မြှင့်၍ မောင်းသည်။ တစ်ခါတစ်ခါ ပုံမှန်မောင်း၏။ အမြန်လမ်းမှအပ မြို့အဝင်တိုးဂိတ်များတွင် ရဲမာန်က ကားအရှိန်သတ်ပြီး လက်ပြနှုတ်ဆက်ကာ ဆက်မောင်းသည်။ တိုးဂိတ်များတွင် ပိုက်ဆံမပေးခဲ့။

ခရီးက တော်တော်ဝေးသည်။ မနက် သုံးနာရီကျော်တွင် ကျောက်ပန်းတောင်း ရောက်၏။ ကျောက်ပန်းတောင်းစားသောက်ဆိုင်တွင် ခဏနား စားသောက်ပြီး ခရီးဆက်သည်။

ဆင်တဲဝတံတားကို ကျော်ဖြတ်တော့ မိုးစင်စင်လင်းနေခြေပြီ။ မိုလာလမ်းဆုံက စလင်းနှင့် စလေဘက်လမ်းခွဲဖြစ်သည့် မိုလာမှ စလင်းသွားသည့်လမ်းအတိုင်း ခရီးဆက်၏။

အနော်ရထာတံတားကို ကျော်ဖြတ်ပြီးသည်နှင့် ဆိပ်ဖြူသို့ရောက်လာသည်။ ဆိပ်ဖြူကျော်တော့ တညောင်ရောက်လာ၏။ တညောင်မှ နာရီဝက်ခန့်မောင်းပြီးသည် နှင့် ဇီးဖြူကျေးရွာအုပ်စု ကျွန်းကလေးရွာ သို့ ရောက်လာသည်။

ရွာအဝင်လမ်းက ကြမ်းသည်။ ချိုင့်ခွက်များ၊ ကမူများ၊ အကွေ့အကောက်များ များလွန်းသဖြင့် ကားကို တော်တော်လေး ထိန်းမောင်းခဲ့ရသည်။

ကျွန်းကလေးရွာကို ရောက်တော့ နံနက် ၁ဝ နာရီ ကျော်နေချေပြီ။ ဘထွေးတို့ မိသားစုက ကြိုဆိုနေ၏။ ဘထွေးတို့ မိသားစုအားလုံး အလှူအတွက် အလုပ်ရှုပ်နေကြသည်။ အိမ်နှင့် ဘုန်းကြီးကျောင်းက မဝေးလှ။ ကျွန်တော်တို့ နားနေဖို့ အိမ်တစ်လုံး စီစဉ်ပေးထားသည်။

ခဏနားပြီး ဧရာဝတီမြစ်ဆိပ်တွင် ရေဆင်းချိုးသည်။ မြစ်ဆိပ်ဆိုသော်လည်း လှေသမ္ဗန်များ ဆိုက်ကပ်သောမြစ်ဆိပ် မဟုတ်။ ရေတိုက်စားမှုကြောင့် ကမ်းပြိုခဲ့ရာမှ ဖြစ်ပေါ်လာသော မြစ်ဆိပ်ဖြစ်သည်။ ရွာသူရွာသားများလည်း ဒီဆိပ်မှာပင် ရေချိုး အဝတ်လျှော်နေကြသည်။

ဧရာဝတီမြစ်ရေက ကြည်လင်နေသည်။ ခရီးပမ်းလာသည်မို့ ကျွန်တော် ရေဆင်းချိုးပြီး ကမ်းနဖူးတွင် ထိုင်ရင်း အနားယူလိုက်၏။ အေးမြသောရေ၊ လတ်ဆတ်သောလေနုအေးကြောင့် ကျွန်တော် တစ်ညလုံးအိပ်ပျက်၍ပင်ပန်းခဲ့သမျှ တစ်မုဟုတ်ချင်း လန်းဆန်းသွားခဲ့သည်။

ရေမိုးချိုးပြီးသည်နှင့် ဘထွေးအမျိုးသမီးနှင့် မိသားစုက ထမင်းပွဲအဆင်သင့်ဖြင့် ဧည့်ခံသည်။ စားသောက်ပြီး ကျွန်တော်တို့ နားနေရန် သတ်မှတ်ပေးထားသောအိမ်တွင် ပြန်နားကြ၏။

နားသည်ဆိုသော်လည်း ခေတ္တမျှသာ နားလိုက်ရသည်။ ရွာသားများရောက်လာပြီး စကားပြောရင်း အချိန်ကုန်သွား၏။ ရိုးသားသော၊ ဖော်ရွေသော၊ ယဉ်ကျေးသောရွာသားများနှင့် စကားပြောရသည်မှာ စိတ်ဝင်စားဖို့ကောင်းသည်၊ ပျော်ဖို့ကောင်းသည်။

ညမိုးချုပ်စတွင် အိမ်တစ်အိမ်မှ ဖိတ်ကြားပြီး လာခေါ်သည်။ ကျွန်တော်တို့လိုက်သွား၏။ ထိုအိမ်မှ စားပွဲပေါ်တွင် စားသောက်ဖွယ် မုန့်၊ လက်ဖက်ရည်တို့ အဆင်သင့်ပြင်ထား၏။ ဧည့်ခံစကားပြောရင်း ပွင့်လင်း၊ ရိုးသား၊ ရင်းနှီးမှုများ ရခဲ့ပြန်သည်။

စကားပြောရင်း စာပေအကြောင်း ရောက်သွား၏။ သူတို့ရွာမှာ စာကြည့်တိုက်ရှိကြောင်း၊ ရွာမှလူငယ်များက စာပေဝါသနာပါကြောင်း၊ သတင်းများ၊ စာများရေးချင်ကြကြောင်း ကျွန်တော်တို့ ရောက်ခိုက် သတင်းသင်တန်းပို့ချပေးရန် တောင်းဆိုသည်။

တောင်းဆိုမှုကို လက်ခံချင်သော်လည်း အချိန်က စကားပြောနေသည်။ နံနက် မိုးလင်းသည်နှင့် စလေဘက် သွားရမည်။ သွားစရာရှိကြောင်း သူတို့အားလုံးလည်း သိနေသည်။ နောက်ဆုံး ယခုပင် သင်တန်းပေးဖို့တောင်းဆို၏။ သင်တန်း တက်ရောက်မည့် လူ ၁၅ ယောက်ခန့် အဆင်သင့်ရှိနေကြသည်။

ဒီတော့ ဒေါ်ယဉ်မေဦး၊ ရဲမာန်သီဟတို့နှင့်တိုင်ပင်ပြီး ညတွင်းချင်း သတင်းသင်တန်းပေးခဲ့၏။ ည ၁၂ နာရီကျော်မှ သင်တန်းပြီးသွားခဲ့သည်။

မိုးလင်းသည်နှင့် ဘထွေးအလှူကိုဝင်ပြီး စလေဘက် ခရီးဆက်ခဲ့သည်။

ကျွန်းကလေးမှ လာလမ်းအတိုင်း ပြန်ခဲ့သည်။ အနော်ရထာတံတားကိုကျော်ပြီး မိုလာလမ်းခွဲမှတစ်ဆင့် စလေဘက်အတိုင်း ကားမောင်းခဲ့၏။

လမ်းဘေးဝဲယာတွင် အစီအရီပေါက်နေသော ထနောင်း၊ မန်းကျီး၊ ကန္တာရဘူး၊ ထန်း၊ တမာပင်များက အညာဒေသအလှများပင်တည်း။ အညာဒေသအလှများကို ခံစားရင်း ရဲမာန်သီဟဇနီး၏ညီမ မဂင်္လာဆောင်သို့ ရောက်ခဲ့သည်။

မဂင်္လာဆောင်တွင် ခေတ္တနားပြီး ပြန်ထွက်ခဲ့၏။ ချောက်တွင် ခေတ္တနားပြီး လက်ဖက်ရည်သောက်သည်။ ထို့နောက် ရဲမာန်သီဟ မိဘများရှိရာ ဥယျာဉ်အနောက်ရွာသို့ ရောက်ခဲ့၏။ ရဲမာန်ညီကိုမောင်နှမများနှင့် မိဘများက ဝမ်းပန်းတသာကြိုဆိုဧည့်ခံသည်။ ဒီအိမ်မှာပင် ညအိပ်ခဲ့၏။

နောက်တစ်နေ့ပြန်အထွက် သမိုင်းဝင် ရှင်ပင်စာကြိုလှဘုရားကို ဝင်ဖူးခဲ့သည်။ သိကြားတောင် ဘုရားလှ၊ ချောက်ဘုရားလှ၊ မြေဘုံသာ ဘုရားလှ၊ ကဇွန်းအို ဘုရားလှ၊ စာကြိုဘုရားလှဟူ၍ ဘုရားလှငါးဆူရှိသည့်အနက် ရှင်ပင်စာကြိုလှဘုရားမှာ အေဒီ ၁၂ ရာစုက နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဘုရား ဖြစ်သည်။

ရှင်ပင်စာကြိုလှဘုရားတွင် အရန်စေတီ ၄၅ ဆူ၊ ပလင်တော်ခံ ခြသေင့်္ရုပ် ၈၆ ရုပ်၊ တိုင်လုံးပေါင်း ၁,ဝဝ၈ လုံး၊ ခေါင်းလောင်းကြီး ၁၆ လုံးနှင့် ကျောက်စာများ၊ နံရံဆေးရေးပန်းချီများကို အံ့မခန်း တွေ့ မြင်ရ၏။ ကြည်ညိုသဒ္ဒါပွားခဲ့ရ၏။

ရှင်ပင်စာကြိုလှဘုရားကို ကြည်ညိုစွာ ဖူးမျှော်သဒ္ဒါပွားပြီးနောက် စလေပန်းပု ရုပ်စုံကျောင်းတော်ကြီးသို့ ရောက်ရှိခဲ့ကြသည်။ ကျောင်းတော်ကြီးမှာ လူတစ်ဖက်လုံးစာ လုံးပတ်ခြောက်ပေခန့်ရှိကာ တိုင်အလုံးရေ ၁၅၄ လုံး အသုံးပြုဆောက်လုပ်ထား၏။ လှေကားတစ်စင်းလျှင် လက်ရန်းအဖြစ် ပန်းတော့လက်ရာ၊ နယားရုပ် နှစ်ရုပ်စီ ရှိသည်။ ကျောင်းတော်ကြီး အကျယ်အဝန်းက အလျား ၁၅၂ ပေ၊ အနံ ၇၆ ပေရှိ၏။

ကျောင်းဦးပြဿဒ်၊ စနဆောင်၊ ဆောင်လှ(ဇေတဝန်ဆောင်)၊ ဆောင်မ (ယွန်းဆောင်)၊ ခုံးဆောင်၊ အနောက်ဆောင် (ဘောဂဆောင်) စသည့် အဆောင်များရှိသည်။

ကျောင်းတော်တွင် ငါးရာ့ငါးဆယ် နိပါတ်တော်နှင့် ဓမ္မပဒ သရုပ်ဖော် ပန်းပုလက်ရာများက အံ့မခန်း အသေးစိတ်ရှိလှသည်။ လက်ရာပြောင်မြောက်လွန်းသဖြင့် ကြည့်ရှု၍ အားမရနိုင်အောင် ရှိရသည်။

ကျောင်းတော်ကြီး အရှေ့မျက်နှာစာတွင် သရုပ်ဖော်ချိတ်ဆွဲထားသော မြန်မာ့ ရက်ကန်းစင်၊ ကိလေသာနှောင်အိမ်၊ ဥပတိဿနှင့် ကောလိတတို့ တောင်ထိပ်ပွဲ ဆင်နွှဲကြပုံ၊ မပဋာ ကိုဒါသ မိသားစု(ပဋ- စာရီဇာတ်)၊ ထီးဆောင်းခွင့်ရ ဇောတိကသူဌေးနှင့် ဇနီးအတုလကာရီ၊ အရှင်ရေဝစာ၏ လူ့ဘဝငယ်စဉ် မဂင်္လာဆောင်အပြန်၊ ကာမဂုဏ်ကျူးလွန်သူတို့အား ကဲ့ရဲ့နေသူများ၊ အနုစိတ်ခြယ်မှုန်းထားသည့် ရှေးဟောင်းလက်ရာ၊ ပန်းပုလက်ရာများက အသက်ဝင်၍ ဖောင်းကြွနေသည်။

”စလေ ပန်းပုရုပ်စုံ ကျောင်းတော်ကြီးရဲ့ ရှေးဟောင်းပန်းပုလက်ရာတွေက အံ့သြလောက်အောင် လက်ရာမြောက်လွန်းတယ်”

ပန်းပုလက်ရာများကိုကြည့်ရင်း ကျွန်တော် ကောက်ချက်ချမိသည်။

”ဒါကြောင့်လည်း စလေကို ဒုတိယ ပုဂံကို ခေါ်ကြတယ်လေ”

ရဲမာန်သီဟက ရှင်းပြသည်။

”ပုဂံဘုရားဖူးလာတဲ့သူတွေ အနေနဲ့ ဒီနေရာကိုလည်းလာပြီး လေ့လာဖို့ကောင်းတယ်”

ဒေါ်ယဉ်မေဦး ဝင်ပြောသည်။

”တကယ်ဆို ပုဂံနဲ့ စလေက မိုင်သုံးဆယ်ပဲဝေးတာ၊ ပုဂံလာတဲ့လူတွေ စလေကို လာမယ်ဆို လာလို့ရတယ်၊ ပုဂံဘုရားဖူးကားတွေကလည်း ပုဂံလောက်တင်မကဘဲ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ စလေကိုပါ အရောက်ပို့သင့်တယ်”

”ဟုတ်တယ်နော်၊ ပုဂံဘုရားဖူးပို့တဲ့ကားတွေ စလေကိုပါ ခရီးစဉ်တစ်ခုအနေနဲ့ ထည့်သွင်းသင့်တယ်၊ ဘယ်လောက်မှဝေးတာမဟုတ်ဘူး၊ မိုင်သုံးဆယ်လောက်ပဲ ဝေးတဲ့ဥစ္စာ”

ထို့နောက် ပုဂံကို ခရီးဆက်ခဲ့ကြသည်။ ပုဂံကို လွန်ခဲ့သည့် သုံးနှစ်ခန့်က ကျွန်တော် ရောက်ခဲ့ဖူး၏။ ယခုရောက်ခြင်းက ဒုတိယအကြိမ် ဖြစ်သည်။ ပုဂံပရဝုဏ်ထဲ ဝင်လိုက်သည်နှင့် ရှေးဟောင်းအမွေအနှစ် အငွေ့အသက်တို့က ရင်ထဲစူးနှင့်ဝင်ရောက်လာ၏။

ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် မသတ်မှတ်ရသေး။ သို့သော် တာဝန်ရှိသူများ၏ ကြိုးပမ်းမှုများကြောင့် မကြာမီအတောအတွင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံရတော့မည်တည်း။ ပုဂံသည် မြန်မာတို့အတွက် ဂုဏ်ယူစရာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေစစ်စစ် ဖြစ်သည်။

လောကနန္ဒာ၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ မနူဟာဘုရားများ ဖူးပြီးချိန်တွင် နေဝင်နေချေပြီ။ မန္တလေးအထိ ပြန်ရမည်မို့ ပုဂံမှ ပြန်လည်ထွက်ခွာခဲ့၏။

မြင်းခြံတွင် ခဏဝင်နားသည်။ မြင်းခြံတွင်ရှိသော ညီမ၏သူငယ်ချင်း မယုက မြင်းခြံမြို့ နာမည်ကြီးဖြစ်သော ဒေါ်ခင်လှ ထမင်းသုပ်ဆိုင်မှာ ဧည့်ခံ၏။ နွားထိုးကြီး ရောက်တော့ လက်ဖက်ရည်ဆိုင်ထိုင်နားပြီးမှ ခရီးဆက်ခဲ့၏။

မန္တလေးကို ၁၂ နာရီခန့်မှာ ပြန်ရောက်သည်။ အုန်းချောအထိ ကားဆက်မောင်းပြီး အုန်းချောက ရုံးခန်းတွင် ခြေပစ် လက်ပစ် အနားယူကြ၏။ ခရီးစဉ်ရှည်လျားသဖြင့် တော်တော်လေးပင်ပန်းခဲ့သည်။

ပင်ပန်းသော်လည်း ဘုရားများဖူးမျှော်ရရုံမက ဗဟုသုတတွေတိုးပွားခဲ့၏။ မိတ်ဆွေ၊ သဂင်္ဟတွေ တိုးပွားခဲ့၏။ စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းနိုင်ခဲ့၏။ သတင်းပညာတတ်မြောက်လိုသူများ ကို ပို့ချဖြည့်ဆည်းပေးနိုင်ခဲ့၏။ အညာအလှူပွဲနှင့် ဆုံခဲ့မိ၏။ အညာမဂင်္လာဆောင် နှင့် ဆုံခဲ့မိ၏။

အရင်တစ်ခေါက် ခရီးစဉ်တုန်းက ပျဉ်းမနား၊ နေပြည်တော်၊ မန္တလေး၊ အုန်းချော၊ အမရပူရ၊ ကျောက်စိမ်းစေတီ၊ ဦးပိန်တံတား၊ မဟာမြတ်မုနိ၊ ရွှေစာရံ၊ ပြင် ဦးလွင်၊ ပိတ်ချင်းမြောင်၊ ပလိပ်မြွေဘုရား၊ မဟာသိမ်တော်ကြီး၊ စစ်ကိုင်းကောင်းမှုတော် နေရာတော်တော်များများရောက်ခဲ့၏။

ယခုတစ်ခေါက်တွင် မန္တလေး၊ အုန်း ချော၊ ရွှေစာရံ၊ ထုံးဖို၊ မိုလာ၊ ဆိပ်ဖြူ၊ တညောင်၊ ကျွန်းကလေး၊ စလင်း၊ ဆင် တဲဝ၊ ချောက်၊ ဥယျာဉ်စု၊ စလေ၊ ရုပ်စုံ ကျောင်းတော်ကြီး၊ ပုဂံ၊ မြင်းခြံ၊ နွားထိုး ကြီး စသဖြင့် နေရာတော်တော်များ ရောက်ခဲ့ပြန်သည်။

ခရီးထွက်ခြင်းကို ကျွန်တော်ဝါသနာပါသည်။ ယခင်ကလည်း မကြာခဏ ခရီး ထွက်လေ့ရှိ၏။ ယခင်က ခရီးအထွက်ကျဲသော်လည်း ယခုနောက်ပိုင်း ခရီးအထွက်စိပ်လာသည်။

ခရီးထွက်ခြင်းသည် ပိုက်ဆံကုန်၏။ အချို့ကလည်း မေးကြသည်။ ‘ဒီလောက် ခရီးထွက်နေတာ ပိုက်ဆံဘယ်ကရသလဲ’ ဟု။

ကျွန်တော်ရိုးသားစွာ ဖြေလိုပါသည်။ ကျွန်တော် ခရီးတော်တော်များများ ထွက်နိုင်လောက်အောင် ပိုက်ဆံမရှိပါ။ ကျွန်တော့်တွင် စာရေးနည်းအတတ်ပညာ၊ သတင်းရေးသားနည်း အတတ်ပညာ၊ စာပေဟောပြောခြင်း အတတ်ပညာ၊ စေတနာ မေတ္တာ ထားခြင်း အတတ်ပညာ၊ စာပေပရဟိတအတတ်ပညာတို့သာ ရှိပါသည်။

အဆိုပါ အတတ်ပညာတို့က ကျွန်တော်ကို နေရာစုံ၊ ဒေသစုံသို့ ပို့ပေးနေခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ဒေါ်ယဉ်မေဦး၏ ပံ့ပိုးကူညီမှု၊ မန္တလေးမှ ရဲမာန်သီဟက သူ့ ကားကို သူကိုယ်တိုင်မောင်း၍ လိုက်လံပို့ဆောင်နေမှု၊ တစ်ခါတစ်ရံ မန္တလေးစက်မှုမှ ရွှေပန်းလောင်မှ သူ့ကားဖြင့် လိုက်လံပို့ဆောင်မှု၊ ပြင်ဦးလွင် ၂၁ မိုင်မှ ဇင်မင်းကိုကိုနှင့် အခြားတပည့်များ၏ ဆိုင်ကယ်တဝီဝီဖြင့် လိုက်လံပို့ဆောင်မှုတို့ ကြောင့် ဖြစ်သည်။

မကွယ်မရှက်တမ်းပြောရလျှင် ယခုတစ်ခေါက်ထွက်သည့်ခရီးတွင် ကျွန်တော့် အိတ်ကပ်ထဲမှာ ငွေနှစ်ရာသာ ပါခဲ့သည်။

(မှတ်ချက်။ စေတနာ၊ မေတ္တာ၊ ဝါသနာ အပြည့်အဝ ပါသွားခဲ့သည်။)

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here