အာဆင်နယ်တိုက်စစ်မှူးAubameyang သူပိုင်ဆိုင်သည့် ပေါင်ရှစ်သိန်းခွဲတန် စူပါကား လေးစီးကို England သို့ ယူဆောင်

584

စူပါကား အမြောက်အမြားကို စုဆောင်းထားသည့် အာဆင်နယ်ဘောလုံးအသင်း တိုက်စစ်မှူး Pierre-Emerick Aubameyang သည် စုစုပေါင်း ပေါင်ရှစ်သိန်းခွဲနီးပါးတန်ဖိုးရှိသည့် မော်တော်ကားလေးစီးကို England နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး သူနေထိုင်ရာ ဇိမ်ခံဟိုတယ်၏ အပြင်ဘက်တွင် ယင်းကားများ ထားရှိထားကြောင်း မတ် ၁၉ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

စူပါကားစုဆောင်းမှုသည် နာမည်ကျော်ဘောလုံးသမားတစ်ယောက်ပီပီ ခမ်းနားထည်ဝါစွာ နေထိုင်တတ်သည့် Aubameyang ၏ ကြွယ်ဝချမ်းသာမှုပြယုဂ်တစ်ခု ဖြစ်သည်။ ယခုဘောလုံးရာသီတွင် England နိုင်ငံ၌ စတင်အခြေချ နေထိုင်နေပြီ ဖြစ်သည့် ဂါဘွန်လက်ရွေးစင် Aubameyang သည် သူပိုင်ကားများထဲမှ ကားလေးစီးကို ရွေးချယ်ပြီး England မှ သူနေထိုင်ရာ ဇိမ်ခံဟိုတယ်ဆီသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ Aubameyang ပို့ဆောင်ခဲ့သည့် ကားလေးစီး၏ စုစုပေါင်းတန်ဖိုးသည် ပေါင်ရှစ်သိန်းခွဲနီးပါးရှိပြီး Borussia Dortmund အသင်းတွင် ကစားခဲ့သည့် ဂျာမနီနိုင်ငံ၌ နောက်ထပ်ပေါင်နှစ်သန်းနီးပါး တန်ဖိုးရှိသည့် စုဆောင်းကားများကိုလည်း ပိုင်ဆိုင်ထားသည်။ Aubameyang ယူဆောင်ခဲ့သည့် ကားလေးစီးမှာ ပေါင် ၁၄ဝ,ဝဝဝ တန်ဖိုးရှိ Porsche Panarema Turbo Techart ၊ ပေါင် ၂၇ဝ,ဝဝဝ တန်ဖိုးရှိ Lamborghini Aventador ၊ ပေါင် နှစ်သိန်းခွဲ တန်ဖိုးရှိ Ferrari 812 Superfast ပြိုင်ကားနှင့် ပေါင် တစ်သိန်းခွဲတန်ဖိုးရှိသည့် Range Rover Sport Mansory SUV ကားကြီးတို့ ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် ဘောလုံးအကျော်အမော် Aubameyang တွင် England နိုင်ငံသို့ လက်ရှိ ယူဆောင်မလာသေးသော အခြားကားများစွာလည်း ရှိသည်။ ယင်းကားများတွင် ပေါင် နှစ်သိန်းတန် Ferrari 45 Italia ၊ ပေါင် ၁၄ဝ,ဝဝဝတန် Aston Martin DB9 Volante 2 နှင့် ပေါင် ၁၂၈,ဝဝဝ တန် Audi R8 V10 Plus တို့လည်း ပါဝင်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက Dortmund ကလပ်အသင်းမှ ပြောင်းရွှေ့ခဲ့သည့် Aubameyang သည် လက်ရှိ အာဆင်နယ်အသင်းတွင် တစ်ပတ်လျှင် ပေါင် ၁၈ဝ,ဝဝဝ ဝင်ငွေရရှိနေသည်။

အာဆင်နယ်ကလပ်အသင်းတွင် ခြောက်ပွဲကစားပြီး သွင်းဂိုးသုံးဂိုးသွင်းယူထားသည့် တိုက်စစ်မှူး Aubameyang သည် လက်ရှိတွင် မိခင်ဂါဘွန်နိုင်ငံ လက်ရွေးစင်အသင်း အတွက် ကစားပေးရန် ရှိနေပြီး လာမည့်ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံလက်ရွေးစင် ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်ရမည့် ချစ်ကြည်ရေး ကစားပွဲတွင် ပါဝင်မည်ဟု ခန့်မှန်းထားသည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here