အာဆင်နယ်အသင်းမှ ဘောလုံး အကျော်အမော် Mesut Ozil သည် လန်ဒန်ရှိ ၎င်းပိုင်ဆိုင်သည့် အဆင့်မြင့် ဇိမ်ခံအိမ်ကြီး၏အတွင်းပိုင်းကို ဗီဒီယိုရိုက်ကူး၍ ပရိသတ်များ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ရာ၌ ၎င်းပိုင်ဆိုင်သည့် တန်ဖိုးကြီး Mercedes ကားနှစ်စီး၊ အိမ်တွင်း ရုပ်ရှင်ရုံနှင့် တန်ဖိုးကြီး အဝတ်များထားရှိသည့် အဝတ်ဗီရိုတို့ကို ပြသခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် ကစားသမား Ozil သည် အာဆင်နယ်အသင်းတွင် တစ်ပတ်လျှင် ပေါင် ၁၄ဝ,ဝဝဝ ဝင်ငွေရရှိနေပြီး ၎င်းနေအိမ်အတွက် ငွေကြေးအမြောက်အမြား အသုံးပြုလေ့ရှိသူ ဖြစ်သည်။ Ozil သည် Mercedes အမှတ်တံဆိပ် ပေါင် ၁၃ဝ,ဝဝဝ တန် S63 AMG Coupe နှင့် ပေါင်တစ်သိန်းခွဲတန် AMG G63 ကားနှစ်စီး ဝယ်ယူထားခဲ့သည်။
နေအိမ်အနှံ့ မှတ်တမ်းတင် ရိုက်ကူးထားသော ဗီဒီယိုဖိုင်ထဲတွင် Ozil ၏ အချစ်တော်ခွေးဘီလူး Balboa လည်း ပါဝင်ပြီး Ozil သည် ဗီဒီယိုထဲတွင် ၎င်းပိုင်ဆိုင်သည့် တန်ဖိုးကြီးကားများနှင့် အားလပ်ချိန်များ၌ Play-station 4 ဂိမ်းစက်ဖြင့် PES ဘောလုံးဂိမ်း ဆော့ကစားလေ့ရှိသည့် ကြီးမားလှသော အိမ်တွင်း ရုပ်ရှင်ရုံငယ်သာမက ၎င်း၏ တန်ဖိုးကြီး ဖိနပ်များကိုပါ ရိုက်ကူးဖော်ပြထားသည်။
Ozil နှင့် အာဆင်နယ်အသင်းတို့၏ စာချုပ်သက်တမ်းမှာ လာမည့်နှစ်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ရာ Ozil အနေဖြင့် အဆိုပါ ဇိမ်ခံအိမ်ကြီး၌ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်နိုင်ရန် အာဆင်နယ်ပရိသတ်များက မျှော်လင့်နေသည်။ ယခု ဘောလုံးရာသီအတွင်း Ozil သည် အာဆင်နယ်အသင်းတွင် ငါးကြိမ် ပါဝင်ကစားထားသော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အပြင် ဂိုးဖန်တီးပေးနိုင်မှုလည်း မရှိခဲ့ကြောင်း သိရသည်။
Ref: Daily Mail