အအေးခံစနစ်မှ အရေးကြီးသောအချက်များ

147

 

မော်တော်ယာဉ်အများစုသည် အင်ဂျင်အအေးခံစနစ်တွင် Water Cooling System ကို အသုံးပြုထားသည်။ အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်တစ်လုံးသည် အပူများစွာကို ပြင်ပသို့ စွန့်ထုတ်ပစ်ရသည်။ အပူ စွန့်ပစ်ရန် အအေးခံစနစ်ကိုသုံးသည်။ အအေးခံစနစ်မကောင်းပါက အင် ဂျင်အပူလွန်ကဲပြီး အင်ဂျင်ပျက်စီးသွားနိုင်သည်အထိ အန္တရာယ်ရှိသည်။ အင်ဂျင်ရေတိုင်ကီ ရေဆူရခြင်းသည် အအေးခံစနစ် မကောင်းသော လက္ခဏာ ဖြစ်သည်။ အင်ဂျင်အပူလွန်ကဲပါက ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင် Head ကွဲအက်ခြင်း၊ အင်ဂျင်လည်ပတ်နေရာမှ ထိုးရပ်သွား ခြင်းများ ဖြစ်နိုင်သည်။
အင်ဂျင်အပူလွန်ကဲမှုဖြစ်ပါက အင်ဂျင်ပျက်စီးသွားနိုင်သဖြင့် အအေးခံစနစ်စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဆားဗစ်စင်လုပ်ပေးခြင်းတို့သည် ကားတစ်စီးအတွက် အရေးကြီးပါသည်။ အင်ဂျင်တစ်လုံး ပုံမှန်အပူချိန်တွင် အလုပ်လုပ်နိုင်ရန်အတွက် အအေးခံစနစ်ဖြစ်ရပါမည်။ ပြင်ပရာသီဥတု အပူချိန်များ ပြောင်းလဲနေသော်လည်း အင်ဂျင်အအေးခံစနစ်သည် ထိရောက်လုံလောက်သော အအေးခံစနစ်ဖြစ်နေစေရန် အရေးကြီးပါသည်။ အအေးခံစနစ်တွင် အရေးကြီးသော အချက်များကို သိရှိထားပါမှ အအေးခံစနစ် ပုံမှန်ဖြစ်နေစေရန် ထိန်းသိမ်းနိုင်ပါမည်။
အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာများမှာ အအေးခံရည် (Coolant) Level အမြဲအပြည့်ရှိရန် လိုအပ်ခြင်း၊ အအေးခံရည်၏ ပြင်းအား ပုံမှန်ရှိရန်လိုအပ်ခြင်း၊ ရေတိုင်ကီနှင့် Cap ဖုံးကောင်းမွန်ရန်လို အပ်ခြင်း၊ လေအေးပန်ကာ လေဆွဲအားကောင်းခြင်း၊ သာမိုစတတ်နှင့် ရေပန့် (Water Pump) ကောင်းခြင်း၊ အအေးခံရည်ယိုစိမ့်မှု လုံးဝမရှိခြင်း စသောအချက်များ ဖြစ်ပါသည်။
ယာဉ်မောင်းသူအများစုသည် အအေးခံစနစ် (Cooling System) တွင် ရေထည့်ပေးရုံဖြင့် ပြည့်စုံသည်ဟု မှားယွင်းစွာ ယူဆနေကြသည်။ တချို့ ဘတ်စ်ကားဆရာများသည် ရေတိုင်ကီထဲသို့ ရေမကြာခဏ လောင်းထည့်ပေးနေရ၍ ရေတိုင်ကီ Cap ဖုံးကိုပင် ပြန်မပိတ်ဘဲ အမြဲ တမ်းဖွင့်ထားကြသည်။ ရေတိုင်ကီ Cap ဖုံးကို ဘာကြောင့် ပိတ်ထား သင့်သည်ကိုလည်း နားလည်သိရှိကြခြင်း မရှိပါ။
အင်ဂျင်အအေးခံစနစ်တွင် အဓိကလည်ပတ်နေသောအရာမှာ အအေးခံရည် (Coolant) ဖြစ်သည်။ အအေးခံရည်သည် ရိုးရိုးသောက်သုံး ရေ မဟုတ်ပါ။ ရေ ၅၀ ရာခိုင်နှုန်းနှင့် အီသလင်းဂလိုင်ကိုးလ် (Ethylene Glycol, EG) ၅၀ ရာခိုင်နှုန်း ရောစပ်ထားသောအရည် ဖြစ်ပါသည်။ ရိုးရိုးရေသည် အပူချိန် 212°F မှသာ ဆူပွက်ပြီး 32°F တွင် အေးခဲပါ သည်။ ဓာတုဆေးရည်ရောစပ်ထားသော Coolant အရည်သည် အပူချိန် 255°F ရောက်မှသာ ဆူပွက်ပြီး -34°F ရောက်မှသာ အေးခဲပါသည်။ ထို့ကြောင့် ဓာတုဆေးရည်တစ်ဝက်ရောစပ်ထားသော အအေးခံရည် Coolant သည် အအေးဓာတ်လွန်ကဲသော ဒေသနှစ်မျိုးစလုံးတွင် သုံးစွဲ ရန် သင့်လျော်သည်။ ရိုးရိုးရေသုံးသည်ထက် ဓာတုဆေးရည်ဖျော်စပ်ပြီး သုံးခြင်းက ပို၍ထိရောက်သည်။ ရေဆူအမှတ်(Bolling Point)မြင့်သဖြင့် ရေတိုင်ကီ ရေဆူခြင်းမှ ရှောင်လွှဲနိုင်သည်။
ဓာတုဆေးရည်ရောစပ်ထားသော Antifreeze Coolant အရည်သည် အင်ဂျင်အအေးခံစနစ်အတွင်းပိုင်း သံထည်ပစ္စည်းများကို သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။ ထို့ပြင် ရေ၌ပျော်ဝင်နေသော သတ္တုဓာတ်နှင့် ဆားများကြောင့် ရေချိုး(ဂျိုး)များ အနယ်ထိုင်ခြင်းမှ ကာကွယ်ပေးသည်။ အအေးခံစနစ်တွင် အပူကူးပြောင်းခြင်းကို ပိုမိုထိရောက် စေသည်။ ရေခဲတမျှအေးလွန်းသော ဒေသများတွင် ရေတိုင်ကီထဲ၌ ရေခဲခြင်းကို ကာကွယ်ပေးသည်။
ယာဉ်မောင်းအများစုသည် ရေတိုင်ကီထဲသို့ သာမန်ရေကိုသာ ထည့်လေ့ရှိသည်။ အမှန်စင်စစ် ကားရေတိုင်ကီထဲသို့ ထည့်ရသောရေမှာ ပေါင်းခံရေ၊ သို့မဟုတ် မိုးရေ (ဘက်ထရီမိုးရေမဟုတ်ပါ)သာ ဖြစ်သည်။ ဆေးထိုးရာတွင်သုံးသော မိုးရေ (Distilled Water) ကိုသာသုံးရပါမည်။ ဘွိုင်လာစနစ်သုံးသော စက်ရုံကြီးများတွင် ရေကို လုံးဝသန့်စင်သွား အောင် Treatment လုပ်ပြီးမှ သုံးရပါသည်။ ရိုးရိုးသောက်သုံးရေများ တွင် ပါဝင်သော ဆားဓာတ်၊ သတ္တုဓာတ်များသည် အင်ဂျင်အအေးခံစနစ် အတွင်းပိုင်းတွင် ရေချိုးများအဖြစ် အနယ်ထိုင်ပြီး အပူစီးကူးမှုကို အနှောင့် အယှက်ဖြစ်စေပါသည်။
မကြာခဏ ရေဆူတတ်သောကားများတွင် အအေးခံစနစ်၊ ရေတိုင် ကီရေလိုင်းနှင့် အင်ဂျင်ရေလိုင်း နံရံများ၌ ရေချိုးများတက်နေတတ်သည်။ အဆိုပါရေချိုးများ ကျောက်ဖြစ်ပြီး တွယ်ကပ်နေပါက အပူကူးပြောင်းမှု နှေးကွေးစေသည်။ ထိုအရာများကို ဖယ်ရှားရန် Chemical Cleaner ဆေးရည်သုံးသည်။
ရေတိုင်ကီ Cap ဖုံးသည် သာမန်အဖုံးပိတ်တစ်ခုမဟုတ်ပါ။ Cap ဖုံးတွင် စပရင်နှင့် ဝါလျှာများပါသည်။ Cap ဖုံးသည် Pressure လုံရပါ သည်။ Cap ဖုံးလုံနေမှ ရေတိုင်ကီထဲတွင် ရေအမြဲတမ်းပြည့်နေပြီး ရေ တိုင်ကီ၏ အကောင်းဆုံး Performance ကို ရရှိပါမည်။ အချို့ဘတ်စ် ကားဆရာများသည် ရေတိုင်ကီ Cap ဖုံးကို မပိတ်ဘဲထားကြသည်။ လမ်း ဘေးမှ ရေဆိုလျှင်ပြီးရောဟု ထင်ကြသည်။ အဖုံးမပိတ်သဖြင့် ရေတိုင် ကီတွင် Pressure မရှိပါ။ Pressure မရှိလျှင် ရေတိုင်ကီ အဆူမြန် ပါသည်။ ရေလျှံဘူးထဲသို့ ရေသန့်မထည့်ရပါ။ ပေါင်းခံရေနှင့် ဓာတုဆေး ရည် ဆတူရောစပ်ထားသော Coolant အရည်ကိုသာ ထပ်ဖြည့်ပေးရ ပါသည်။ ထိုဆေးရည်သည် အင်ဂျင်အအေးခံစနစ်အတွက် အကောင်း ဆုံးဖြစ်သည်။
Antifreeze Coolant ၏ သက်တမ်းသည် ခရီးမိုင် သုံးသောင်း ကျော်အထိ အသုံးခံပါသည်။ ယနေ့ဝင်ရောက်လာသော ခေတ်ပေါ်မိုဒယ် မြင့်ကားကောင်းများတွင် Long Life Antifreeze အအေးခံရည်သည် ငါးနှစ်ခန့်အထိ အသုံးခံပါသည်။ သက်တမ်းပြည့်မှသာ အအေးခံရည်အသစ် လဲလှယ်ပေးသင့်သည်။ အင်ဂျင်အအေးခံစနစ် အမြဲတမ်းကောင်းနေဖို့ ပုံမှန်စစ်ဆေးမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးရန်လိုသည်။
– Coolant Level ကို ပုံမှန်စစ်ဆေးပါ။
– Coolant အရည်၏ပြင်းအား (Concentration) ကို စစ်ဆေးပါ။
– အအေးခံရည်များ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးနိုင်သည်။
– အအေးခံရည်၏ အခြေအနေ(Condition)ကို စစ်ဆေးပါ။
အအေးခံရည်ထဲတွင် အင်ဂျင်ဝိုင်များရောနှောနေပါက ဂတ်စ်ကတ် ပေါက်နေ၍ ရေနှင့်ဆီ ရောနှောသွားခြင်းဖြစ်သည်။
– လေဆွဲအား ပန်ကာကြိုးအခြေအနေနှင့် ပန်ကာ Clutch ကို စစ်ဆေးပါ။ ပန်ကာကြိုးလျော့လွန်းနေပါက အင်ဂျင်လည်သလောက် ပန် ကာရွက်လိုက်မလည်ပါ။ ပန်ကာချော်နေပါမည်။ ပန်ကာအုံတွင် ကလပ် ပါရှိပါသည်။ ကလပ်မကောင်းပါက ပန်ကာလည်နှုန်းကျဆင်းပြီး လေဆွဲ အားမကောင်းပါ။
– ဝါးတားပိုက်များ စစ်ဆေးပါ။ ဝါးတားပိုက်များ ကြာကြာသုံးလျှင် ပိုက်ရော်ဘာသားများ ယိုယွင်းပျက်စီးလာပြီး ပိုက်ပေါက်တတ်သည်။ ပိုက် ပျော့သွားပြီး အင်ဂျင် Speed မြန်လျှင် ရေဆွဲအားကြောင့် ပိုက်ပြားသွားတတ်သည်။ ပိုက်အဆက်ကလစ်များချောင်ပါက ရေယိုစိမ့်နိုင်သည်။
– သာမိုစတတ်မကောင်းပါက အအေးခံရည် စီးဆင်းနှုန်းကို အနှောင့်အယှက်ဖြစ်စေပြီး အင်ဂျင်ရေဆူတတ်သည်။ သာမိုစတတ် ကောင်းမကောင်းစစ်ဆေး၍ မကောင်းပါက အသစ်တစ်လုံး အစားထိုးလဲ ပေးရမည်။
– Water Pump သည် အအေးခံစနစ်တစ်ခုလုံး ရေလည်ပတ်နိုင် ရေးအတွက် အဓိကကျသည်။ Water Pump သည် ခရီးမိုင် တစ်သိန်း ကျော်သုံးပြီးပါက ချွတ်ယွင်းလာတတ်သည်။ အအေးခံရေ မသန့်ရှင်းပါ က ရေချိုးများကြောင့် ပျက်စီးမှုပိုမြန်တတ်သည်။ ဝါးတားပန့် ဝိုင်းဆီးလ် မလုံတော့ပါက ဝင်ရိုးနှင့် ဝိုင်းဆီးလ်ကြားမှ အအေးခံရည်များ ယိုစိမ့်လာ တတ်သည်။
အအေးခံရည်ယိုစိမ့်လျော့နည်းနေသည်ကို ယာဉ်မောင်းသူ မသိ လိုက်ပါက ရေလျော့သွားပြီး ရေတိုင်ကီရေဆူလာမည်။ Water Pump တွင် Ball Bearing သုံးထား၍ ကြာလာလျှင် ပျက်စီးတတ်သည်။ Ball Bearing မကောင်းပါက ဝါးတားပန့်ဒလက်များ ထိခိုက်ပျက်စီးသွားတတ် သည်။ ဝါးတာပန့်ကို ပြန်ပြင်၍ သုံးစွဲခြင်းထက် အသစ်တစ်လုံးလဲလှယ် လျှင် ပို၍ကောင်းသည်။
ရေတိုင်ကီ လေလိုင်း၊ ရေလိုင်းပိတ်ခြင်း၊ လေဆွဲအားနှင့်အတူ ပြင်ပမှ ဖုန့်မှုန့်များ၊ ပိုးကောင်နှင့် အမှိုက်များ လေဝင်လိုင်းတွင် ပိတ်ဆို့ နေတတ်သည်။ ရေတိုင်ကီလေလိုင်းများတွင်ရှိနေသော ထိုအရာများကို ရေပန်းပြင်းအားနှင့် ထိုးဆေးနိုင်သည်။ လေမှုတ်၍လည်း သန့်ရှင်းပေး နိုင်သည်။ Pressure များပါက လေအဝင်လိုင်း၊ အပေါက်ကလေးများ ပျက်စီးသွားတတ်သည်ကို ဂရုစိုက်ပါ။
ရေတိုင်ကီအတွင်းပိုင်းတွင် ရေချိုးအနှစ်များ အနယ်ကျတွယ်ကပ်နေ တတ်သည်။ ရေတိုင်ကီဆေးကြောသန့်ရှင်းသော ဆေးရည် (Cleaner) ထည့်၍ စားပစ်နိုင်သည်။ ယင်းဆေးရည်နှင့်မရပါက ရေတိုင်ကီပြုပြင် သောဆိုင်တွင် ချေး(ကြေး)ဆေးနိုင်သည်။
ခေတ်ပေါ်ကားများတွင် Cooling Fan သည် လျှပ်စစ်မိုတာနှင့် မောင်းသည်။ Fan သည် အမြဲတမ်းအချိန်ပြည့်မလည်ဘဲ အပူချိန်ရောက် မှ ပန်ကာ Relay ပွင့်ကာ ပန်ကာမိုတာလည်ခြင်းဖြစ်သည်။ ဆင်ဆာမ ကောင်းပါက ပန်ကာလည်ပတ်ချိန် မမှန်မကန်ဖြစ်နိုင်သည်။
ကားတစ်စီး၏ အရေးကြီးသောအအေးခံစနစ် အမြဲကောင်းနေမှ သင့်ကားအင်ဂျင်စက်၏ စွမ်းဆောင်ရည်အပြည့်အဝရရှိပါမည်။ အအေး ခံစနစ် အမြဲကောင်းနေစေရန် လိုက်နာသင့်သောအရာများကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အမြဲစစ်ဆေး၍ ထိန်းသိမ်းတတ်လျှင် အင်ဂျင်ရေဆူသော ဒုက္ခမှ ကင်းဝေးပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here