အသေးစားလျှပ်စစ်ကားသစ်များထုတ်လုပ်ရန် ပြင်သစ်စက်ရုံတွင် Mercedes-Benz က အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ရင်းနှီးမြှုပ်နှံ

804

Mercedes-Benz သည် ပြင်သစ်နိုင်ငံရှိ Hambach စက်ရုံတွင် အသေးစား လျှပ်စစ်ကားသစ်များ ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မေ ၁၈ ရက်တွင် ကြေညာခဲ့သည်ဟု စိမ်းလန်းစွမ်းအင်သတင်းဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Electrek  က ရေးသားဖော်ပြခဲ့သည်။

Mercedes-Benz ၏ မိခင်ကုမ္ပဏီ Daimler က အပြည့်အဝပိုင်ဆိုင်သည့် Hambach စက်ရုံ၌ လက်ရှိအချိန်တွင် လျှပ်စစ် Smart ကားများ ထုတ်လုပ်နေပြီး အသေးစား Mercedes-Benz လျှပ်စစ် ကားသစ်များ ထပ်မံထုတ်လုပ်နိုင်ရန် အခြေခံအဆောက်အအုံများ ပြန်လည်မွမ်းမံမှု၊ အသစ်ဆောက်လုပ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Smart အမှတ်တံဆိပ်အကြီးအကဲ Annette Winkler က ဆိုသည်။

Mercedes-Benz သည် EQ အမှတ်တံဆိပ်ခွဲဖြင့် အသေးစား လျှပ်စစ်ကားသစ်များ ထုတ်လုပ်ရန် Hambach စက်ရုံတွင် ထပ်မံရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအရ Hambach စက်ရုံတွင် Smart ကားများကို လွန်ခဲ့သော နှစ်နှစ်ဆယ်က စတင်ထုတ်လုပ်ခဲ့ပြီး နောက်တစ်ဆင့်အဖြစ် ကုမ္ပဏီသက်တမ်း နှစ်တစ်ရာကျော်အတွင်း ပြင်သစ်နိုင်ငံ၌ Mercedes-Benz ကားများ ပထမဆုံး ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း Daimler စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဥက္ကြ Dieter Zetsche က ပြောကြားခဲ့သည်။ Hambach စက်ရုံတွင် လျှပ်စစ်ကားသစ်များ ထုတ်လုပ်မှုကို မကြာမီစတင်ကာ လာမည့်နှစ်၌ ‘EQC’ SUV လျှပ်စစ်ကားကို ပထမဆုံး ထုတ်လုပ်ရန်နှင့် ၂ဝ၂၂ ခုနှစ်တွင် စျေးကွက်အတွင်း Mercedes နှင့် Smart အမှတ်တံဆိပ် ကားအားလုံးကို လျှပ်စစ်ကားများအဖြစ် ဖြန့်ဖြူးရောင်းချနိုင်ရန် Mercedes-Benz က ရည်ရွယ်ထားသည်။ Mercedes-Benz သည် ပြီးခဲ့သောနှစ်က EQA Hot Hatch ရှေ့ပြေးကား ပုံစံကို ထုတ်ဖော်ပြသထားပြီးဖြစ်သည်။

Ref : Electrek

LEAVE A REPLY

Please enter your comment!
Please enter your name here